နယူးဒေလီ ဇွန် ၂၁

 

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ မုတ်သုံမိုးရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၆၀ သေဆုံးကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်နှင့် မီဂါလာယာပြည်နယ်တို့တွင် ဇွန် ၁၇ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် ရွှံ့နွံများပြိုကျမှု ဖြစ်ပွားသောကြောင့် ၃၅ ဦး သေဆုံးကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

 

အာသံပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၅၀၀၀၀ ကို ဘေးလွတ်ရာသို့ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ထို့အပြင် ရေဘေးကြုံတွေ့နေရသော အခြားသောသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေဆဲဖြစ်ကြောင်း သိရသည်။

 

အခြား သတင်းရင်းမြစ်တစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် မုတ်သုံမိုးရွာသွန်းသောကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုကျမှုနှင့် မိုးကြိုးပစ်မှုများဖြစ်ပွားပြီး အနည်းဆုံး လူ ၂၅ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

နှစ်နိုင်ငံမှ မိုးလေဝသအေဂျင်စီများသည် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ခြေရှိသည်ဟု ခန့်မှန်းထားသောကြောင့် အသက်ဆုံးရှုံးမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုမြင့်တက်လျက် ရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ