သာယာဝတီ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းမြစ်) သိုလှောင်ရုံ(၁)ဝန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ နတ်တလင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများယာယီအသုံးပြုနိုင်ရေး အဆောက်အဦများ လျာထားဆောင်ရွက်မှုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများအတွက် မြေနေရာ လျာထားမှုကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လုံခြုံရေးများ ကြိုတင်စီမံဆောင်ရွက်ထားရန်မှာကြားပြီး ခရိုင်အဆင့် ဌာန ဆိုင်ရာရုံးများ ယာယီအသုံးပြုမည့် အဆောက်အဦများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ကြခတ်ဝါးရုံကျေးရွာ၌ မိုးစပါးစုပေါင်းထွန်းယက်ပွဲနှင့် ဇီးကုန်းမြို့၊ ကန္တလီကျေးရွာ မိုးစပါးအစေ့ချ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဆည်ရေသောက်ဧရိယာအတွင်းဖြစ်သဖြင့် တစ်နှစ်(၃)သီး စိုက်ပျိုးရမည် ဖြစ်၍ သက်တမ်းတိုသည့် စပါးမျိုးနှင့် တောင်သူတွက်ချေကိုက် မတ်ပဲ(ရေဆင်း-၇)တို့ စိုက်ပျိုး ရန်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသကြက်မွေးမြူနိုင်ရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြိုပင်ကောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မိခင်ကွယ်လွန်၍ ကျန်ရှိခဲ့သည့် ရက်သားကလေး(၃)မွှာပူးနှင့် ကလေးဖခင်တို့အား သွားရောက် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


