မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
မျိုးထွန်းသိန်းသည် ရေနံ့သာသို့လည်း မကြာ ခဏ ရောက်ဖူးလေပြီ။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ဆွေမျိုးရင်းချာလို ခင်မင်ရင်းနှီးခြင်းလည်း ရှိခဲ့လေ ပြီ။ ရေနံ့သာမှာ သူ၏ စားအိမ်သောက်အိမ်ပမာ ဖြစ်ခဲ့သည်။
သို့နှင့်အမျှလည်း သူသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ၏ထူးခြားသော ဓလေ့တို့ကို မြင်ရသည်။ ဆန်းကြယ် သော အဖြစ်တို့ကို တွေ့ရသည်။
တစ်ဆက်တည်းမှာ ပင် ယင်းမိန်းမကြီးကို နားလည်နိုင်စွမ်းမရှိလောက် အောင် ဖြစ်ခဲ့ရသည်။ ဤသည်ကပင် သူသည် နန်းကိန္နရီအပေါ် ပိုမိုစိတ်ဝင်တစား ရှိလာစေခဲ့ပြန် သည်။ သာမန်ထက် ထူးခြားသော မိသားစုဖွဲ့စည်းပုံ မျိုးဖြင့် နန်းကိန္နရီတို့မိသားစု ဖွဲ့စည်းထားသည်ဟု ထင်သည်။
အချိန်မရွေး၊ နေရာမရွေး တွေ့ဆုံနိုင်စွမ်းရှိကြပါ လျက် သူတို့သည် ဆိတ်ကွယ်ရာ၌ တွေ့ဆုံရန် ဆန္ဒရှိကြသည်။ အင်းလျားကန်စပ်တွင် သူတို့၏ သီးသန့်ကမ္ဘာကို တည်ဆောက်လိုကြသည်။ ထိုနေရာ ကလေးကို မက်မောတွယ်တာ နေမိကြသည်။ အခြားမည်သည့်နေရာမှာ တွေ့ရတွေ့ရ သည်နေရာ မှာ တွေ့ရခြင်းလောက် သာယာချမ်းမြေ့မှုရှိသည် မထင်ခဲ့ကြ။ သို့ဖြင့် မကြာခဏဆိုသလို အင်းလျား ကန်စောင်းတွင် သူတို့နှစ်ယောက်ကို တွေ့မြင်ရမြဲ။
ပြည်လမ်းမှသည် အင်းလျား အထက်လမ်းဘက် သို့ ကားတစ်စီး ချိုးကွေ့ဝင်လာသည်။ ကားမှာ နန်းကိန္နရီ၏ကားပင် ဖြစ်သည်။ မော်တော်ကားရှေ့ မီးရောင်သည် ကိုယ်ပေါ်သို့ ကျရောက်လာသည်။ နန်းကိန္နရီသည် မျိုးထွန်းသိန်းကို ကားမီးရောင်ဖြင့် မြင်ရမည်မှာ သေချာသည်။ သို့ရာတွင် သူမသည် မျိုးထွန်းသိန်းအနီးတွင် ကားကိုထိုးရပ်လာခြင်းမပြု။ မျိုးထွန်းသိန်းကို နှုတ်မဆက်။ ကားကို ဆက်လက် မောင်းနှင်သွားသည်။ ဆုံနေကျသရက်ပင်အရိပ်သို့ အရောက် မောင်းနှင်သွားသည်။
မျိုးထွန်းသိန်း လာလမ်းအတိုင်း ပြန်လျှောက်လာ ခဲ့သည်။
သူ သရက်ပင်အရိပ်သို့ ရောက်သောအခါ နန်းကိန္နရီ သည် သစ်မြစ်ဆုံတွင် ထိုင်မိနေပြီ ဖြစ်သည်။ သူရောက်လာသည်ကို လှည့်မကြည့်။ အဝေးသို့ ငေးနေဟန်တူသည်။ သူသည် အမျိုးသမီးနှင့် မလှမ်း မကမ်း ဝင်ထိုင်လိုက်သည်။ ရုတ်တရက် စကား မပြောဖြစ်သေး။
မျိုးထွန်းသိန်း စီးကရက်ကို ထုတ်ယူမီးညှိသည်။
“အီရ့အတွက် တစ်လိပ်မရဘူးလားဟင်”
နန်းကိန္နရီ၏စကားကို အံ့အားသင့်သွားရသည်။
“အရီ သောက်တတ်လို့လား”
ပြန်မေးသည်။
“သောက်တတ်တယ်လို့တော့ မဟုတ်ပါဘူး၊ သောက်ကြည့်ချင်လို့ပါ”
မျိုးထွန်းသိန်းသည် နန်းကိန္နရီအတွက် စီးကရက် တစ်လိပ် ထုတ်ယူမီးညှိပေးလိုက်သည်။
ဆေးလိပ်သောက်တာဟာ တွေးစရာတွေနဲ့ ရင်မှာ ပြည့်သိပ်နေတဲ့ လူတစ်ယောက်အဖို့ အကောင်းဆုံးဖြေဆေးဆိုတာ ဟုတ်သလားကိုမျိုး”
နန်းကိန္နရီ စီးကရက်ကို လှမ်းယူရင်း ဆိုသည်။
“အီရ့ကို ဘယ်သူက ဒီတရားဟောလိုက်သလဲ ဟင်”
“ကြားဖူးသလားလို့ပါ”
အမျိုးသမီးသည် စီးကရက်ကို ရှိုက်ဖွာလိုက်သည်။ ချက်ချင်းမှာပင် မီးခိုးသီးကာ ချောင်းတဟွပ်ဟွပ် ဆိုးလာသည်။ မျိုးထွန်းသိန်းသည် သူ၏လက်မှ စီးကရက်ကို ဆွဲယူကာ လွှင့်ပစ်လိုက်သည်။
“အလကားပါ အရီရယ်။ အကျင့်မလုပ်စမ်းပါနဲ့။ ဒါက ဆေးလိပ်သောက်တတ်တဲ့ လူတွေရဲ့ ဆင်ခြေ ပါ။ အရက်သမားတွေဆိုရင်လည်း ဒီလိုပြောတတ် ကြတာပဲ”
“ကိုမျိုး အရက်သောက်တတ်သလားဟင်”
“တစ်ခါတလေပါ။ အပေါင်းအဖော်ကောင်းတဲ့ အခါမျိုးပါ၊ နေစမ်းပါဦး။ ကနေ့ အရီ ဘယ်လို ဖြစ်လာသလဲဟင်။ ဘာဖြစ်လို့ ဒါတွေကိုမေးနေရ တာလဲ”
နန်းကိန္နရီထံမှ ရုတ်တရက် အသံထွက်မလာ။ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်ကိုသာ တွေ့ရ သည်။
ကားတစ်စီး၏ မီးရောင်ဖြင့် နန်းကိန္နရီကို မြင်ရ သည်။ လေတိုးဝှေ့လျက်ရှိသောကြောင့် ထုံးဖွဲ့ထား ဟန်မတူသော ဆံပင်သည် ဖွာရရာ လွင့်နေသည်။ ဆံပင်သည် မျက်နှာကို ရစ်သိုင်းထားသည်။ မျက်နှာ တစ်ပြင်လုံးကို သိုင်းယှက်ထားသည်။ ထို့ကြောင့် လည်း သူ၏ မျက်နှာအနေအထား မည်သို့ရှိသည် ကိုမမြင်သာနိုင်၊ မီးရောင်သည် ဖျတ်ခနဲကျရောက် လာပြီးနောက် ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူတို့အပါးတွင် အမှောင်ပြန်လည်လွှမ်းမိုးလာသည်။
“ကိုမျိုး”
နန်းကိန္နရီ ခေါ်သည်။ မျိုးထွန်းသိန်း မထူးမိ။
“ကိုမျိုး”
ထပ်၍ခေါ်လာပြန်သည်။
“ဘာလဲအရီ”
“အီရ့ကို အဲလစ်အကြောင်း ပြောပြပါလားဟင်”
မျိုးထွန်းသိန်းသည် နန်းကိန္နရီကို နားမလည်နိုင် အောင်ရှိကာ အမှောင်ထဲမှာပင် စူးစိုက်ကြည့်နေမိ သည်။
“သူ့အကြောင်း မကြားချင်ပါဘူးဆို၊ စိတ်မဝင်စား ပါဘူးဆို”
“ဒါက ဟိုတုန်းကပါ၊ အခုတော့ အရီ သူ့အကြောင်း သိပ်ကို ကြားချင်တယ်။ သိပ်ကိုစိတ်ဝင်စားတယ်“
“ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအကြောင်း မပြောချင် တော့ပါဘူး”
“ကိုမျိုးတို့ ယောက်ျားကလေးတွေဟာ ဒီလိုပဲ လားဟင်”
“ဘာကိုလဲ အရီ”
“ကိုယ် စိတ်ဝင်စားနေတဲ့အချိန်မှာ သူ့အကြောင်း မကြာခဏ ပြောချင်ပေမဲ့ စိတ်မဝင်စားတော့ဘူးဆို တာနဲ့ တစ်ပြိုင်နက် ပြောဖို့ဝန်လေးတတ်ကြတာ ပဲလား”
“ဒီလိုမျိုးတော့ မဟုတ်ပါဘူးကွယ်။ တစ်ခါတုန်း က ဒီအကြောင်းပြောတော့ အီရ့စိတ်မှာ အနှောင့် အယှက် ဖြစ်ခဲ့ရတယ်မဟုတ်လား။ ဒါကြောင့် မပြောချင်တော့တာပါ”
နန်းကိန္နရီ စကားမဆက်ဘဲနေသည်။ မျိုးထွန်း သိန်းသည်လည်း စီးကရက်ကို ရှိုက်ဖွာနေလေသည်။
“အရီဘာဖြစ်လို့ အဲလစ်ရဲ့ အကြောင်းကို သိချင် လာရပြန်တာလဲဟင်”
မျိုးထွန်းသိန်းသည် စီးကရက်တိုကို ရေထဲသို့ လှမ်းပစ်ခြင်းနှင့်အတူ မေးလိုက်သည်။ သူ့အမေးကို နန်းကိန္နရီ မဖြေ။
“အရီ ရင်မောတယ် ကိုမျိုးရယ်”
သူသည် သည်စကားကိုသာ ညည်းညူသလို ရေရွတ်လိုက်သည်။ မျိုးထွန်းသိန်း သူနှင့် နီးကပ် သည်ထက် နီးကပ်အောင် တိုးလာသည်။
“အရီ ဘာဖြစ်နေတာလဲကွယ်”
သူသည်လည်း ညည်းညူသံဖြင့်ပင် မေးမိသည်။
အီရ့ကိုယ်အရီ ဘာဖြစ်နေမှန်းမသိဘူး ကိုမျိုး။ တစ်ခုခုဖြစ်နေတာတော့ အမှန်ပါပဲလေ။ အရီကိုယ် တိုင်သော်လည်းကောင်း၊ အရီနဲ့ ပတ်သက်လို့သော် လည်းကောင်း လောကကြီးမှာ တစ်စုံတစ်ခုဖြစ်နေ တာတော့ အမှန်ပါပဲ။ ဘာတွေ ဖြစ်နေတယ်ဆိုတာကို အီရ့အနေနဲ့ မသိနိုင်တာပဲ ဖြစ်လိမ့်မယ်ထင်ပါ တယ်”
“ကိုယ်တော့ ဒီလိုမထင်မိဘူး အရီ။ ဘာမှ မဖြစ်ပါ ဘူး။ အခြေအနေဟာ ပုံမှန်အတိုင်းပါပဲ။ ပြီးတော့ လည်း အီရ့အနေနဲ့ လောကကြီးမှာ အစစပြည့်စုံနေ တာပဲဟာ။ အရီဟာ ကံကောင်းတဲ့ မိန်းကလေးတစ် ယောက်လို့ ထင်တယ်”
နန်းကိန္နရီသည် မျိုးထွန်းသိန်းဘက်သို့ လှည့် လိုက်သည်။
“အရီနဲ့ပတ်သက်လို့ ကိုမျိုး ဘာတွေသိထားသလဲ ဟင်”
“ဘာတွေ သိထားရမှာလဲ အရီရဲ့။ အရီဟာ လှတယ်။ ပညာတတ်တယ်။ ချမ်းသာတယ်၊ ကဲ ... လောကကြီးမှာ ဒါတွေရှိနေမှ တခြားဘာလိုသေး သလဲဟင်”
“လွယ်လိုက်တာ ကိုမျိုးရယ်။ ဒီသုံးမျိုးတည်းနဲ့ လူ့ဘဝတည်ဆောက်လို့ ရစတမ်းလို့ အရီတော့ မထင်ပါဘူး။ အကယ်လို့ အဲဒီသုံးမျိုးနဲ့ ဖွဲ့စည်း ထားတာကို ဘဝလို့ဆိုဦး အရီဟာ ဒါတွေအတွက် လည်း ရင်မောနေဦးမှာပါပဲ။ ခက်ပါတယ်ကိုမျိုး ရယ်။ အရီဖြင့် ရင်မောတယ်။ အစစအရာရာအတွက် ရင်မောနေမိတယ်”
နန်းကိန္နရီ ကန်ဘက်သို့ လှည့်လိုက်သည်။ ရေပြင်၌ အရိပ်ထင်နေသော လမ်းမီးတိုင်မှ မီးလုံး ကလေးများ၏ လှုပ်လီလှုပ်လဲ့အသွင်ကို ငေးကြည့် နေသည်။
အမှန်ပြောရရင်တော့ နန်းကိန္နရီ တကယ်တမ်း ရင်မောနေသည်။ ဘဝတစ်လျှောက်လုံးမှာ သည် အကြိမ် ရင်အမောရဆုံးပဲ ထင်သည်။ စင်စစ် ဘဝ တစ်လျှောက်လုံးတွင် ရင်မောရသောအကြိမ်တို့ များစွာ ပေါ်ပေါက်ခဲ့ဖူးသည်။ ရင်မောဖွယ်အဖြစ်နှင့် အကြိမ်ကြိမ် ကြုံတွေ့ရဖူးသည်မှန်စေဦး အခါတိုင်း က သည်မျှ ရင်မမောစဖူး ထင်သည်။
ဆောင်းတို့သည် အခါတိုင်းနှစ်များကထက် အေးစမြဲ၊ နွေတို့သည်လည်း တစ်နှစ်ထက်တစ်နှစ် ပူစမြဲဟု လူတို့အစ ထင်ရောက်ကြသည်။ ထိုသို့ပင် ဖြစ်မည် ထင်ပါသည်။ လတ်တလော ခံစားရမှုသည် လွန်လေပြီးသောကာလက ခံစားရမှုထက် သာလွန် မြဲဖြစ်လိမ့်မည်လား မပြောတတ်။
အရာအားလုံးကို သတ္တုချကြည့်မိလေလျှင် ကိုကျော့မောင်ကိုပင် အပြစ်တင်ချင်နေသည်။ ကိုကျော့မောင်၏ ပယောဂကြောင့် သည်သို့ဖြစ်ရ သည်ဟု ထင်သည်။ အကယ်၍ သူသာ ဆက်စပ် မလာပါလျှင် ကိုမောင်မောင်ဦးနှင့် ဆုံတွေ့ဖွယ် အကြောင်းမရှိ။ ယင်းသို့ဆိုလျှင်လည်း နန်းကိန္နရီ တွင် လတ်တလော ရင်မောရမှုတို့ ပေါ်ပေါက်ခဲ့လိမ့် မည် မဟုတ်ချေ။
သို့ပေမဲ့ ကိုမောင်မောင်ဦးနှင့်ဆုံရမည်ဆိုစဉ်က အဘယ်မျှ ရင်ခုန်ရသည်၊ အဘယ်မျှ ဆန္ဒစောမိသည်၊ အဘယ်မျှ စိတ်နှလုံးဝယ် ပူနွေးရသည်ကိုလည်း အသိသားပင်။ သည်စဉ်က မြင်တွေ့ချင်သော ဆန္ဒ ပြင်းပြလှသောကြောင့် ချောက်ချောက်ချားချား တုန်တုန်လှုပ်လှုပ်ကြီးပင် ဖြစ်ခဲ့ရသေးသည်။
တကယ်တမ်း ဆုံတွေ့မိကြချိန်တွင်မူ အရာရာ သည် ကြေကွဲဖွယ်ရာသာ လွှမ်းနေသည်ဟု ထင်သည်။ ကိုမောင်မောင်ဦး၏ လက်ခံဆုံတွေ့မှုမှာ အေးစက်စက် နိုင်သည်။ စိတ်မပါသလို ဖြစ်နေသည်။ ကြိုဆိုမှု မှာလည်း အသည်းနှလုံးမှ ပါသည်မထင်ရ။ လှိုက်လှဲ မှုမရှိ။ ဤသည်ကို မြင်ရလေလျှင် နန်းကိန္နရီအမှန်ပင် စိတ်မကောင်းနိုင်အောင် ရှိရသည်။ စိုးရိမ်ထိတ်လန့် ရမှုများသည်လည်း ပေါ်ပေါက်ခဲ့လေသည်။
အထူးသဖြင့် မိမိ၏ပကတိဘဝ အခြေအနေကို ပြန်လည်ဆန်းစစ်ဖို့ ဖန်တီးလာသည်ထင်မိ၏။
မိမိအား ဒေါ်ရေနံ့သာခင်ခင်ကြီး မွေးစားခဲ့သည်။ ဤသည်မှာ မိမိသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ရင်သွေး၏ ရုပ်ရည်သွင်ပြင်နှင့် တူညီသောကြောင့် ဖြစ်သည်။ သို့တိုင် နန်းကိန္နရီသည် မိမိကိုယ်ကို ရေနံ့သာခင်ခင်ကြီး၏ သမီးအရင်းအစစ်အမှန်ဟု ဝန်မခံရဲ၊ ယင်းသို့ ဝန်ခံရဲလောက်အောင် တိကျ ပြည့်စုံသော အထောက်အထားမရှိခဲ့။
အခြား တစ်စုံတစ်ယောက်ကမျှလည်း ထိုအဖြစ် ကို ထောက်ခံမှုမရှိ။
ဆက်လက်ဖော်ပြပါမည်။