ရာဘတ် ဇွန် ၂၂
မော်ရိုကိုနှင့် အမေရိကန်တပ်ဖွဲ့ဝင်များသည် နှစ်စဉ်ပြုလုပ်လျက်ရှိသော “အာဖရိကခြင်င်္သေ့” ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အခြားနိုင်ငံခြားတပ်ဖွဲ့ဝင်များနှင့်အတူ ဇွန် ၂၀ ရက်ကစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် မော်ရိုတို့၏ (၁၈) ကြိမ်မြောက် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် အာဖရိကတိုက်ပြင်ပရှိ နိုင်ငံများမှ တပ်ဖွဲ့ဝင်များအပါအဝင် ၁၀ နိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်ကြသလို စစ်ဘက်ဆိုင်ရာစောင့်ကြည့် လေ့လာသူများအနေဖြင့် အယောက် ၂၀ ပါဝင်တက်ရောက်ခဲ့ကြောင်း မော်ရိုကိုသတင်းအေဂျင်စီ (MAP)က ဖော်ပြထားသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မော်ရိုကိုနိုင်ငံ၏ မြို့များနှင့်မြို့ကြီးများဖြစ်သော အာဂါဒင်၊ ဘင်ဂွီရင်ကယ်နထရာ၊ မာဘက်စ်၊ တာရိုဒန့်နှင့် တန်တန်မြို့များတွင် ဇွန် ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းအေဂျင်စီက ထပ်မံဖော်ပြထားသည်။
ထို့အပြင် ယင်းစစ်ရေးလေ့ကျင့်မှုကို ဂါနာ၊ ဆီနီဂေါနှင့် တူနီးရှားအစရှိသည့် နိုင်ငံတို့တွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဖရိကဆိုင်ရာ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဇွန် ၁၀ ရက်တွင် ပြောကြားသည်။
စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေးလေ့ကျင့်မှုအလွန် ပူးတွဲအထူးတပ်ဖွဲ့ကွပ်ကဲမှုဆိုင်ရာလေ့ကျင့်မှု၊ ကျည်အစစ်ဖြင့် ပူးပေါင်းလေ့ကျင့်မှုနှင့် ရေကြောင်းဆိုင်ရာလေ့ကျင့်မှုတို့ ပါဝင်ကြောင်း အာဖရိကဆိုင်ရာအမေရိကန်တပ်ရင်း၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် ယင်းစစ်ရေးလေ့ကျင့်မှုတွင် အထူးတပ်ဖွဲ့စစ်ဆင်ရေးဆိုင်ရာလေ့ကျင့်မှုများ၊ လေကြောင်းစစ်ဆင်ရေးဆိုင်ရာလေ့ကျင့်မှုများ၊ အရပ်ဘက်-စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုများ၊ အစုလိုက်အပြုံလိုက်သေစေနိုင်သောစစ် လက်နက်ဆန့်ကျင်ရေးဆိုင်ရာ လေ့ကျင့်မှုများနှင့် ဆေးဝါးပစ္စည်းအရေးပေါ် ပံ့ပိုးပေးရေးဆိုင်ရာလေ့ကျင့်မှုများလည်း ပါဝင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ