မော်လိုက် ဇွန် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ(၄)မျိုးကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက မြို့မဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ယာယီတိုက်ပွဲရှောင် ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ယာယီတိုက်ပွဲရှောင် ရောက်ရှိလာသည့် တပ်ကုန်းကျေးရွာ၊ ယောစုကျေးရွာမှ အိမ်ထောင်စုများအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီတိုက်ပွဲရှောင် ရောက်ရှိလာသည့် ပြည်သူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည့် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ (၄)မျိုး ထောက်ပံ့မှုအနေဖြင့် အိမ်ထောင်စု(၈)စုမှ လူဦးရေ (၂၁)ဦးတို့အတွက် စုစုပေါင်း ဆန် (၁၂၆)ပြည်၊ ဆီ ၅ ပိဿာ ၂၅ ကျပ်သား၊ ဆား (၄)ပိဿာနှင့် ပဲ (၂၁)ပိဿာ ဖြစ်ကြောင်းနှင့် တန်ဖိုးငွေကျပ် ၂၇၆၉၀၀ ရှိကြောင်း သိရသည်။

 

 

မော်လိုက်သားလေး