ဗီယင်ကျန်း ဇွန် ၂၂ 

 

မလေးရှားအစိုးရက ဒုတိယအကြိမ်လှူဒါန်းထားသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀၀ သည် လာအိုနိုင်ငံ၏ မြို့တော်ဗီယင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာသတင်းစာ တစ်စောင်ဖြစ်သည့် ဗီယင်ကျန်းတိုင်းမ်က ယနေ့ဖော်ပြထားသည်။

 

မလေးရှားနိုင်ငံ၏ ပထမအကြိမ် လှူဒါန်းထားသည့် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၈၃၄၀၀ သည် ပြီးခဲ့သည့်ဒီဇင်ဘာလက လာအိုနိုင်ငံသို့ ရောက်ရှိခဲ့သည်။ အဆိုပါလှူဒါန်းမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအဆုံးသတ်ရန် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သလို ယခုနှစ်ကုန်ပိုင်းတွင် လာအိုနိုင်ငံ၌ သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းထက်မနည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် လာအိုအစိုးရ၏ ရည်မှန်းချက်ကို ဝိုင်းဝန်းကူညီမှုလည်း ဖြစ်ကြောင်း နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

 

မလေးရှားနိုင်ငံက နောက်ဆုံးအသုတ် လှူဒါန်းထားသော ယင်းကာကွယ်ဆေးကို အသက်အရွယ်အုပ်စုအားလုံးနှင့် ရောဂါအခံရှိသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းစာက ထပ်မံဖော်ပြထားသည်။

 

အဆိုပါ ကာကွယ်ဆေးသည် ဇွန် ၂၁ ရက်က လာအိုနိုင်ငံ ဝတ်တေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်သို့ရောက်ရှိခဲ့ပြီးနောက် မလေးရှားတာဝန်ရှိသူများက ယင်းကာကွယ်ဆေးကို လာအိုကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

လာအိုကျန်းမာရေးအာဏာပိုင်များသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ