ကဘူးလ် ဇွန် ၂၂
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက်တွင် ယနေ့အစောပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ ၂၈၀ ထက်မနည်း သေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ဘာ့ခ်တာသတင်းအေဂျင်စီ က ဖော်ပြထားသည်။
ငလျင်ဒဏ် အဆိုးဆုံးထိခိုက်သွားသည့်နိုင်ငံ၏အရှေ့ဘက် ပါ့ခ်တီကာပြည်နယ်ရှိ ဘာမာလ်၊ ဇီရုခ်၊ နာကာနှင့် ဂါယန် စသည့်ခရိုင်လေးခုတွင် ငလျင်ဒဏ်ကြောင့် လူ ၂၅၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းအေဂျင်စီက ဒေသတွင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။
ရဟတ်ယာဉ်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငလျင်ဒဏ်သင့်ဒေသများသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အိမ်နီးနားချင်း ခေါ့စ်ပြည်နယ်တွင် ငလျင်ဒဏ်ကြောင့် လူ ၂၅ ဦးသေဆုံးပြီး ၉၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ဘူမိဆိုင်ရာလေ့လာချက်အရ အဆိုပါငလျင်သည် ခေါ့စ်ပြည်နယ်မှ အနောက်တောင်ဘက် ၄၄ ကီလို မီတာခန့်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ငလျင်ကြောင့် ဒေသတွင်းရှိ အိမ်ခြေအများအပြား ထိခိုက်ပျက်စီးသွားသည့်အပြင် ပါ့ခ်တီကာပြည်နယ်တွင်လည်း မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ