ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲက ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား ကွန်ပျူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူလေးများက “မြကျွန်းညိုညို” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မောင်တို့မယ်တို့ အနေဖြင့် အခြေခံပညာကို အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့် ပညာဖြစ်သည့် ကွန်ပျူတာတက္ကသိုလ်တွင် လာရောက် ပညာသင်ယူ ဆည်းပူးနေကြသဖြင့် ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ နည်းပညာခေတ်တွင် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသည် အရေးပါ အသုံးဝင်ပါကြောင်း၊ အဆင့်ဆင့် တိုးတက်လာသည့် နည်းပညာများအား ခေတ်နှင့်အညီ လေ့လာကြရမှာ ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မောင်တို့မယ်တို့ လေ့လာသင်ယူနေကြသည့် ပညာရပ်များဖြင့် အားဖြည့်ပါဝင် ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းနှင့် အဆင့်မြင့် ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူကြပြီး နိုင်ငံတော်အတွက် မိမိတို့တိုင်းဒေသကြီးအတွက် အားထားရသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)