နေပြည်တော် ဇွန် ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂၀ ရက် နံနက် ၆ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၅)၊ မြို့ရှောင်လမ်းရှိ နှီးဘုရား ကြီးရှေ့တွင် DONG FENG အမျိုးအစားဆီဘောက်ဆာမော်တော်ယာဉ်ကို မသင်္ကာဖွယ် ရပ်တန့် ထားသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်းကို မတွေ့ရှိဘဲ ယာဉ်အတွင်းမှ ငွေကျပ် ၁ ဒသမ ၄၃၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်းပြားတို့ကိုလည်းကောင်း။
ဇွန် ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၅) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းတွင် မြင့်သိန်း(ခ)ဂနေ့(ခ)သားကြီး မောင်းနှင်ပြီး အေးလှိုင်(ခ)စိုးဝင်း လိုက်ပါလာသည့် Toyota Corolla Fielder အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ပီမိုးနင်း(၃)လမ်း၊ အမှတ်(၆၁၁/ခ)ရှိ မြင့်သိန်း(ခ)ဂနေ့(ခ) သားကြီး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀,၀၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁၂နာရီ မိနစ် ၂၀ တွင် ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ တောင်ခေါင်းပွားကျေးရွာ အနီး၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်းတွင် ကျော်လင်းထွန်း မောင်းနှင်လာသည့် HYUNDAI STAREX အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁,၇၅၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(ရဲပြန်ကြား)