ရန်ကုန် ဇွန် ၂၂
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုရေးသားလျက်ရှိရာ မြို့ပြ တည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ ကို ယနေ့တွင် အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင်ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့် အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)ကျောင်းအုပ်ကြီး ဦးဝင်းကြိုင် က ပျူခေတ်နှင့် ပတ်သက်၍ နိုင်ငံတကာပညာရှင်များ၏ သုတေသနပြုတွေ့ရှိချက်များ၊ ယင်းတို့၏ အယူအဆ၊ တွေ့ရှိချက်များ နှင့် သုတေသနပြုတွေ့ရှိမှုအသစ်များကိုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က “Phy Ancient Cities: Buddhist Urban Culture" နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပျူခေတ်ကာလအတွက် ကိုးကားလေ့ ရှိသည့် တရုတ် - မန်ရှူးကျမ်းပါ အခန်းများ၏ အားသာချက် အားနည်းချက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် က သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုမှ တွေ့ရှိရ သည့် တွေ့ရှိချက်များနှင့် ပျူတို့၏ အနုလက်ရာများ (Art History)ကို ရှင်းလင်းတင်ပြကြပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင်များက ပျူခေတ်သမိုင်းရေးသားရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်တွေ့ရှိချက်များသည် များစွာခိုင်မာပြီး အထောက်အကူများစွာ ရရှိကြောင်း ဆွေးနွေးကြသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ မောင်မောင်ဆွေက ပျူခေတ်အက္ခရာအရေးအသားများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာသမိုင်း အဖွဲ့ဝင် ဦးကျော် က သမိုင်းကြောင်းရေးသားရာတွင် သမိုင်းပညာရှင်များ သာမက ဌာန ဆိုင်ရာများမှ ကျွမ်းကျင်ပညာရှင်များကို အားကိုးအားထားပြုရသည်များကို လည်းကောင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပျူခေတ် “ရေစီမံခန့်ခွဲမှုနှင့် အသုံးချပုံစနစ်” အကြောင်းကိုလည်းကောင်း၊ ပြင်ပလေ့လာသူ ဈာန်သစ်အောင် ( ဦးကျော်စွာနိုင်) က သရေခေတ္တရာ အမည်နှင့် ပတ်သက်၍ တံဆိပ်တုံးတစ်ခု၏ တံဆိပ်စာကို လည်းကောင်း၊ ဦးဘုန်းတင့်ကျော် က မြန်မာ့သမိုင်းကို အသစ်ပြန်ရေးရမည်ဟု ဝါရင့်သမိုင်းပညာရှင် များက မှတ်ချက်ပြုထားချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ယခင်ပြည်ပ ပညာရှင်များရေးသားခဲ့ သော ပျူနှင့်ပတ်သက်၍ မှားယွင်းချက်များ၊ မန်ရှူးကျမ်း၏ အားနည်း ချက်များကို လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က ရှေးဦးမြို့ပြတည်ထောင်မှုစတင်ခဲ့သည့် ကာလဖြစ်သော ပျူခေတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ ( ၃ )ရက်တာ ဆွေးနွေးချက်များကို ခြုံငုံ သုံးသပ်ဆွေးနွေးတင်ပြသည်။
မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ပရိုင်းမိတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထား တင်ပြဆွေးနွေးရန်လိုကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း-095061832၊ Email: [email protected] များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်းပေးထားရန် လိုအပ်ကြောင်း သိရသည်။
(သတင်းစဉ်)