သာယာဝတီ ဇွန် ၂၂
မြစ်မခမြစ် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်း က သာယာဝတီမြို့နယ် စံရွေးကျေးရွာအနီး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌနဆိုင်ရာများ နှင့် တာဝန်ရှိသူများ က မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း ငါးကောင်ရေ (၃)သိန်း စုပေါင်းငါးမျိုးစိုက်ထည့်ပေးကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်း၊ မြစ်ချောင်းများအတွင်း ယခုနှစ်၌ ငါးမျိုး ၁၂၄ ဒသမ ၄ သိန်း ငါးမျိုးစိုက်ထည့်ရန် စီစဉ်ထားရှိပြီး သာယာဝတီခရိုင်အတွင်း ငါးမျိုးစုံ(၁၇)သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားလျက်ရှိကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြစ်မခမြစ်ဘေး၌ အောင်မြင်ဖြစ်ထွန်းလျက် ရှိသော ဆီထွက်သီးနှံနေကြာ စမ်းသပ် စိုက်ခင်း(၄) ဧကနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထားရှိ မှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆီထွက်သီးနှံနေကြာကို မြစ်ချောင်းဘေး မြေနုကျွန်းများတွင် အဓိကလျာထား စိုက်ပျိုးရန်၊ စားဖိုဆောင်သုံး ဟင်းသီး ဟင်းရွက်စိုက်ခင်းများအား သဘာဝမြေဩဇာအသုံးပြု၍ ဓာတုကင်းလွတ် ဩဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန်နှင့် ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ ဇရပ်ကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ကလေးငယ်များ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာယီစာသင်ဆောင်(၁)ခု ဆောက်လုပ်ပေးရန်၊ ကလေးကစားကွင်းတစ်ခု ဆောက်လုပ်ပေးရန်နှင့် ကလေးငယ်များ မိုးလုံလေလုံ ပညာသင် ကြားနိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)