နေပြည်တော် ဇွန် ၂၂
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ် သည့် IT Audit ဆိုင်ရာ Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည် တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က အစိုးရဌာန၊ အဖွဲ့အစည်း များတွင် ငွေကြေးနှင့်စာရင်းဆောင်ရွက်မှုများ ပမာဏကြီးမားကျယ်ပြန့်လာပြီး စာရင်းရေးသွင်းမှတ်တမ်း တင်မှုများကို IT နည်းပညာ အသုံးပြုဆောင်ရွက်လာခြင်းနှင့် Manual ဖြင့် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုသည် လူအင်အားနှင့် အချိန်အကန့်အသတ်များရှိခြင်းတို့ကြောင့် IT နည်းပညာဖြင့် စစ်ဆေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင်လှစ်ရခြင်း ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးမှုများသည် လျင်မြန်စွာ တိုးတက်ဖြစ်ပေါ် ပြောင်းလဲ လျက်ရှိပါကြောင်း၊ သို့ပါ၍ စာရင်းစစ်များအနေဖြင့် ခေတ်ကာလနှင်အညီ IT အခြေခံများကို သိရှိနားလည်ပြီး နည်းပညာအသုံးပြု၍ ထိရောက်စွာ စစ်ဆေးဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာ များကို မိမိတို့၏ ရုံးဌာနခွဲများတွင် ပြန်လည်သင်ကြားပို့ချပေးခြင်းနှင့် လုပ်ငန်းခွင်တွင် လက်တွေ့ ပြန်လည်အသုံးချခြင်းတို့ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အနာဂတ်တိုးတက်မှုအတွက် ကြိုးစား၍ အလေးနက်ထားသင်ယူကြစေလိုပါကြောင်း မှာကြားသည်။
သင်တန်းတွင် ရုံးချုပ်မှ ဝန်ထမ်း (၂) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့မှ ဝန်ထမ်း (၁၂) ဦး၊ စုစုပေါင်း (၁၄) ဦးကို ဇွန် ၂၂ ရက် မှ ၂၉ ရက် ထိ သင်တန်းကာလ (၇) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။
အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့ နံနက် ၁၀ နာရီတွင် စုပေါင်း ခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)