နေပြည်တော် ဇွန် ၂၂

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံဖြိုးတိုးတက်ရန်အတွက်  လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျ သည့်အတွက် ပြည်သူလူထု လိုအပ်လျှက်ရှိသော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် ရေအားမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှု (Generation) ကို တိုးမြှင့် ထုတ်လုပ်ရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်းတွင် လည်း ဝန်အားပြည့်နေသည့်ဓာတ်အားလိုင်းများကို  ပိုမိုပြည့်ဝစွာသယ်ဆောင်နိုင်ရန် တိုးချဲ့ တည်ဆောက်ခြင်း၊ ထို့အတူ ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်တည်ဆောက်ခြင်းတို့ကို ဟန်ချက်ညီစွာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျ ဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများကိုလည်း  အချိန်မီပြီးစီးရေးနှင့် ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့် အပြည့်အဝကောက်ခံရရှိရေး လုံခြုံရေးကို ဝိုင်းဝန်းကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်မြို့ကြီးလှပသာယာပြီး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက် လျှက်ရှိသဖြင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးပါရန်တို့ကို ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း လိုအပ်သည့် ရန်ပုံငွေပိုင်း ဆိုင်ရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့်  လျှပ်စစ်ဓာတ်အားခများ ကောက်ခံရရှိမှုများကိုလည်းကောင်း၊  လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိ သည့် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာနှင့် သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေး ဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)