ပွင့်ဖြူ ဇွန် ၂၃

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်/ဓာတ်ပုံပြသခြင်းကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ဇွန် ၂၂ ရက် နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိမည့် ဆိုးကျိုးများ၊ အရေးယူခံရမည့် ပြစ်မှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

 

ဆက်လက်၍ ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးလေးမြင့်က ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးအတွက် ဆင်ခြင်သတိပြုရမည့်အချက်များ၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပြီး စာပေအသိပညာဗဟုသုတများ တိုးပွားရေး သုတရသ စာအုပ်ကောင်းများကို ရှာဖွေဖတ်ရှုလေ့လာကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ဝန်ထမ်းများက ပညာရေးဌာမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ရှိ သုတရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

                                                                                                                                           လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)