ပင်လောင်း ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ယခုဘဏ္ဍာနှစ်အတွင်း ရှားဒိန်၊ စင်းတောင်း(လယ်)၊ ဆောင်းပြောင်း(တောင်)၊ ဆောင်းပြောင်း(နောက်)၊ ဗောင်းကျောင်းနား၊ ရေချို၊ ထီရီးရွာမ၊ ထီရီးရှေ့၊ ပင်စိမ်းစု၊ ကံ့ကော်ပင်၊ ခေါ်ပူး၊ ဝါးတော၊ ဗောင်းပြူးလောင်း၊ ဗောင်းပြုံး၊ ဘုရားဖြူ၊ တောင်လေး(တောင်)၊ တောင်ပေါ်၊ လူဖဲခြမ်း၊ တောင်လွယ်မောင်း(တ)၊ တောင်လွယ်မောင်း(မ)၊ ခနွဲကောင်ထို၊ ကောင်ကျော် ကျေးရွာ ၂၂ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂၂၀၀ နှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း (၁၁)ခု၊ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၉)ခု၊ ကျေးရွာကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါကျေးရွာ ၂၂ ရွာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျေးရွာများကို ရွေးချယ်ခဲ့ပြီး လက်ရှိအချိန်တွင် ကျေးရွာများသို့ ကွင်းဆင်းကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြတ်သူရွှေ(ကျေးလက်)


