ပဲခူး ဇွန် ၂၃
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၃ ခုနှစ်တွင် ပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးစားအားထုတ် စေလိုကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ထပ်မံပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့က ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်ကြပြီး ကစားသမားများကိုယ်စား မြန်မာ့လက်ရွေးစင် ကစားသမား မမေဟန်နီအောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ကစားသမားများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေတံဆိပ် တစ်ခုလျှင် ငွေကျပ် ၁၀ သိန်း၊ ငွေတံဆိပ် တစ်ခုလျှင် ငွေကျပ် ခုနစ်သိန်း၊ ကြေးတံဆိပ် တစ်ခုလျှင် ငွေကျပ် ငါးသိန်းနှင့် နည်းပြ တစ်ဦးလျှင် ငွေကျပ် ငါးသိန်း စုစုပေါင်း ကစားသမား ကိုးဦး၊ နည်းပြ ငါးဦးအတွက် ငွေကျပ် ၁၀၆၀၀၀၀၀ ထပ်ဆင့်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)