မြိတ် ဇွန် ၂၄

မြိတ်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂၃ ရက် ညနေပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် သင်္ချာအသင်းနှင့် ရူပဗေဒအသင်းတို့မှ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ ကျင်းပရာ သင်္ချာအသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်၊ ဆုရကစားသမားများအား လည်ဆွဲဆုများကို ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကစား သမားများအား ပါမောက္ခချုပ်က လည်ဆွဲဆု ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲသို့ ဘာသာရပ် ၁၂ ခုမှ အမျိုးသား အမျိုးသမီး ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)