စစ်တွေ ဇွန် ၂၄

၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက စစ်တွေမြို့ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်တွေမြို့နယ်အသင်းနှင့် ရမ်းဗြဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ဆုတံဆိပ်နှင့် ငွေကျပ် ၅၀၀၀၀ စီ ပေးအပ်ချီးမြှင့်ပြီး အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်ဆွဲတံဆိပ်နှင့်ငွေသားဆု များကို ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပထမဆုရရှိသော ရမ်းဗြဲမြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပထမဆုရရှိသော စစ်တွေမြို့နယ်အသင်းမှ အားကစားသမားများအား လည်ဆွဲတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။ 

ပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ် ၃၀၀၀၀၀၊ ဒုတိယဆုရရှိသော အသင်းအား ငွေသားဆု ကျပ် ၂၀၀၀၀၀၊ တတိယဆုရရှိသော အသင်းအား ငွေသားဆုကျပ် ၁၅၀၀၀၀ စီ ပေးအပ်ချီးမြှင့် ခဲ့သည်။  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ပြီး  ပြိုင်ပွဲဝင် အမျိုးသမီးအသင်း ၁၇ သင်း၊ အမျိုးသားအသင်း ၁၆ တို့မှ ကစားသမား ၁၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)