ဒါကာ ဇွန် ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အပြင် တောင်ကုန်းများမှ ချောင်းရေများတစ်ဟုန်ထိုးစီးကျမှုများကြောင့် လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျန်းမာရေးအရေးပေါ် ခွဲစိတ်ကုသရေးနှင့် ထိန်းချုပ်ရေးဌာနက ယနေ့ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် ယခုနှစ် မေ ၁၇ ရက်မှ ဇွန် ၂၃ ရက်အထိ လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ယင်းတို့အနက် အများစုမှာ ရေနစ်မှု၊ မြွေအကိုက်ခံရမှုနှင့် မိုးကြိုးပစ်ခံရမှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါသေဆုံးသူများအနက် ၂၄ ဦးသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်ပြည်သူ ၆၄၅ ဦးလည်း ရေဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသတော်တော်များများတွင် ပြည်သူများ၊ ကောက်ပဲသီးနှံများ၊ ကားလမ်းများနှင့် အမြန်လမ်းမကြီးများကိုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပုဂ္ဂလိကအေဂျင်စီများသည် ဆီလ်ဟက်ဒေသတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးစီမံခန့်ခွဲရေးနှင့် ကူညီကယ်ဆယ်ရေးဝန်ကြီး အမ်ဒီအီနာမူရ်ရာမန်က ပြောကြားသည်။ ဆီလ်ဟက်ဒေသသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုးရွားဆုံးရေကြီးရေလျှံမှုဒဏ်နှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ၎င်းက ထပ်မံပြော ကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ