ပါရီ ဇွန် ၂၄

 

ကိုဗစ်ကာကွယ်ဆေးများ စတင်မိတ်ဆက်ခဲ့ပြီးနောက် ပထမနှစ်အတွင်း ကိုဗစ်လူနာသန်း ၂၀ နီးပါးကို ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခြင်းမှ အသက်ကာကွယ်ပေးနိုင်ခဲ့ကြောင်း ယနေ့ထုတ်လေ့လာချက်တစ်ရပ်အရ သိရသည်။

 

The Lancet Infectious Diseases အမည်ရှိ လစဉ်ထုတ် သုတေသနဂျာနယ်တစ်စောင်တွင် ထုတ်ဝေထားသည့် အဆိုပါလေ့လာချက်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ နိုင်ငံနှင့် ဒေသပေါင်း ၁၈၅ ခုက စုဆောင်းထားသည့် အချက်အလက်များအပေါ် အခြေခံပြီး လေ့လာခဲ့ခြင်းဖြစ်သည်။ 

 

အဆိုပါလေ့လာချက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းရလဒ်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခြင်းမှ ကာကွယ်ဆေး၏ တိုက်ရိုက်နှင့် သွယ်ဝိုက်ကာကွယ်မှုအရေအတွက်ကို ခန့်မှန်းရန်ပထမဆုံး ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အကယ်၍ ကာကွယ်ဆေးမရပါက ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးနိုင်ဖွယ်ရှိသည့် လူနာ ၃၁ ဒသမ ၄ သန်းအနက် လူနာ ၁၉ ဒသမ ၈ သန်းခန့်ကို သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ 

 

ခြုံ၍ပြောပါက ကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခြင်းကို ၆၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း လေ့လာချက်အရ သိရသည်။ သို့သော် အဆိုပါလေ့လာသည့်နိုင်ငံများတွင် လူဦးရေထူထပ်သောတရုတ်နိုင်ငံ မပါဝင်ကြောင်း သိရသည်။ 

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုမှ ကာကွယ်ပေးခြင်းခံရသူ ၁၉ ဒသမ ၈ သန်းအနက် ၁၂ ဒသမ ၂ သန်းသည် ဝင်ငွေမြင့်မားသောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများတွင် အသက်ဘေးမှ ကာကွယ်ပေးခဲ့ခြင်းဖြစ်ရာ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးလက်လှမ်းမီရရှိမှု မညီမျှမှုကို ထင်ဟပ်စေကြောင်း လေ့လာချက်အရ သိရသည်။

 

အကယ်၍ ၂၀၂၁ ကုန်ပိုင်းတွင် ကမ္ဘာ့ပြည်သူ ၄၀ ရာခိုင်နှုန်းခန့်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ပါက နောက်ထပ်ကမ္ဘာ့ပြည်သူ ၆၀၀၀၀၀ နီးပါးကို ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခြင်းမှ အသက်ကာကွယ်ပေးနိုင်မည်ဟု လေ့လာချက်တွင် ကောက်ချက်ချလိုက်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လက်လှမ်းမီရရှိနိုင်ခြင်းအားဖြင့် သန်းနှင့်ချီသောကမ္ဘာ့ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ခဲ့ဖွယ်ရှိသည်ဟု လန်ဒန်ကောလိပ်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခေါင်းဆောင်နှင့် စာရေးသူအိုလီဗာဝတ်ဆန်က ပြောကြားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူပေါင်း ၆ ဒသမ ၃ သန်းကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ