နေပြည်တော်၊ ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်း သား၊ သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသား၊ သမီးများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင်နှင့် အောင်ချက်အကောင်းဆုံး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃ ကျောင်း တို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က ၅ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးနှင့် ရာနှုန်းပြည့် အောင်မြင်သည့် အထူးဆုရ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၁ ကျောင်းတို့ကို လည်းကောင်း၊ ဒုတိယ ဝန်ကြီး၏ ဇနီးက အောင်ချက် ၇၀ ရာခိုင်နှုန်းအထက် အောင်မြင်သော လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၅ ကျောင်းတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ဖြိုးသန့် က ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦးတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက ၃ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် နှင့် ဇနီးက ၃ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးတို့ကို လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီးက ၃ ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးနှင့် ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင်က ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင် စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲ များနှင့် ဇနီးများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းအုပ်များ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ တက်ရောက်လျက်ရှိ သည့် ဝန်ထမ်း သား၊ သမီး ၁၈၀ ၊ အခြေခံ ပညာကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား၊ သမီး ၁,၂၉၇ ဦး၊ စုစုပေါင်း ၁,၄၇၇ ဦးတို့အတွက် အတန်းလိုက် ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၄ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၂၄ ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၃၅၀ တို့ကို ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၉၄ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ပထမဆုရ တီးတိန်လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အောင်ချက် ၉၀ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ ပင်းတယလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် တတိယဆုရ မအူပင်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အထူးဆုရ ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အောင်ချက် ၇၀ ရာခိုင်နှုန်း အထက်ရရှိခဲ့သော နန်းယွန်း၊ ပခုက္ကူ၊ လားရှိုး၊ ဆိုက်ခေါင်နှင့် ဘိုကလေး လူငယ်ဖွံ့ ဖြိုးရေးသင်တန်းကျောင်း ၅ ကျောင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)