နေပြည်တော် ဇွန် ၂၄

 

ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်၊ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး၊  စံချိန်ပြည့်မီစွာဖြင့် သတ်မှတ် အချိန်မီပြီးစီးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်  ဆောက်လုပ်ရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ စီမံကိန်း၏ ပထမအဆင့် အခန်းပေါင်း (၅၀၀၈) ခန်းကို အသင်းချုပ်များ၏ တာဝန်ယူ ဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၉၈ ရာခိုင်နှုန်း၊  မန္တလေးတွင် ၉၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၆ ရာခိုင်နှုန်းအထိ အသီးသီး  ပြီးစီးလျက် ရှိပြီဖြစ်ပါကြောင်း ၊  ရန်ပုံငွေအားဖြင့်  ပြည်ထောင်စု မှ   ၉၃   ဘီလီယံခန့်  နှင့် တိုင်းဒေသကြီးမှ ၁၂ ဒသမ ၅ ဘီလီယံစုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားပြီး ဖြစ်သည့် အတွက်   နိုင်ငံတော်၏ ဘဏ္ဍာငွေများ အကျိုးရှိစေရန်နှင့် ဆောက်လုပ်ရေး နည်းပညာစီမံခန့် ခွဲမှုများ ထိရောက်မှုရှိစေရန်အတွက် အဆောက်အဦနှင့် Infrastructure လုပ်ငန်းများကို ပြီးပြတ်အောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း။

 

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၈ လုံး ၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး ၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေသည့်အတွက် စီမံကိန်းပမာဏ ကြီးမားသည်နှင့်အညီလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရန် အသင်းချုပ် (၃)သင်း ၊ QC အဖွဲ့များနှင့် လုပ်ငန်းကြီးကြပ်သူ PMU များအနေဖြင့် အချိတ်အဆက်မိမိဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း။

 

အသင်းချုပ်များအနေဖြင့် မြေပြင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများရှိသော်လည်း ငွေတောင်းခံရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာ သူများအနေဖြင့် စီမံကိန်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေမှု၊ လက်ရှိ ပထမ အဆင့်တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က စီမံကိန်း ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ၁/၂၀၂၂ ညွှန်ကြားချက်များ၊  လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ ပြီးစီးမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများအလိုက် ရန်ပုံငွေတင်ပြတောင်းခံမှုတို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေး တင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် တို့က အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ အရည်အသွေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းတိုးတက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ် (MLCA) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA)တို့မှ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  အစည်းအဝေးတွင် အတည်ပြုချက် များ၊ ဆုံးဖြတ်ရန်အချက်များ ချမှတ်ပေးပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန်နှင့် သတ်မှတ် အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)