ဘားအံ ဇွန် ၂၅
ကရင်ပြည်နယ်အတွင်း အများပြည်သူ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ဆောင်ရွက်ထားသော ဘားမဲတောင်သဘာဝဥယျာဉ်အား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ဇွန် ၂၅ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ တပ်မတော်သားများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ အမှတ်(၁၅) အခြေခံ ပညာမူလတန်းကျောင်း၊ ရွှေကင်းအခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ရပ်ကွက်နေ ပြည်သူများ၊ စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှု များကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ ဆရာမများနေအိမ်၊ စာသင်ခန်း၊ ပရိဘောဂ၊ သန့်စင်ခန်း၊ ရေ၊ မီး ပြည့်စုံလုံလောက်မှု ရှိ၊မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက် တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ အနီးရှိ ကမော့ကပို မျိုးသန့်ခြံ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က “မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေး မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးလုပ်ကိုင်ကြဖို့ လိုကြောင်း” မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုနှင့် ကော့ကဒါ ကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာမှ မိုးစပါးစိုက် တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာများမှ မိုးစပါးစိုက် တောင်သူများနှင့်အတူ စိုက်ပျိုးရေး ဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် စူပါဘိုကာရှီ(အဆင့်မြင့်အီးအမ် မြေဆွေး) ပြုလုပ်ပြသခြင်းတို့အား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)