တောင်ကြီး ဇွန် ၂၅
တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဝင်း အတွင်းရှိ မောဧကရီ အဆောင်ရှေ့၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သစ်ပင်များ စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တောင်ကြီးတက္ကသိုလ် မောဧကရီ ကျောင်းသူဆောင်ရှေ့ အဝင်လမ်းနှင့် အားကစားရုံသွား လမ်းဘေး ဝဲယာတစ်လျှောက်တို့တွင် ရုက္ခဗေဒဌာနမှ ချယ်ရီပျိုးပင် ၁၀၀ နှင့် ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ချယ်ရီပျိုးပင် ၂၀၀၊ စိန်ပန်းပြာ ၁၀၀ စုစုပေါင်း ပျိုးပင် ၄၀၀ ကို သံလွင်ဦး ကျောင်းသားဆောင်၊ နန်းဝတီနှင့် မောဧကရီ ကျောင်းသူဆောင်များမှ ကျောင်းသား ကျောင်းသူ ၄၀၀ နှင့် ဆရာ ဆရာမ ၁၀၀ တို့က စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
မောင်မောင်သန်း (တောင်ကြီး)