မကွေး ဇွန် ၂၅
၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝင်းအတွင်း ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ၊ တက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဌေးဌေးမြင့်အား ဖန်ခါးပျိုးပင်များကို လည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်းက မဟာတန်း ကျောင်းသူများအား ခရေပျိုးပင်များကို လည်းကောင်း ပေးအပ်သည်။ ထို့နောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှုး၊ တိုင်းဒေသကြီး ဝန်ကြီးများက ပျိုးပင်များ စိုက်ပျိုးခဲ့ကြပြီး လှည်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ ဖန်ခါး၊ တမာ၊ စိန်ပန်း၊ ကျွန်း၊ ထောက်ကြံ့၊ ငုရွေဝါ၊ ပန်းတမာ အစရှိသည့် သစ်မျိုးစုံနှင့် ပန်းအလှပင် စုစုပေါင်း သစ်မျိုး ၃၃ မျိုးနှင့် ပျိုးပင် ၈၈၂ ပင်ကို စိုက်ပျိုးခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ၁၉ ပွဲဖြင့် စိုက်ပျိုးပင်ပေါင်း နှစ်သန်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)