မြစ်ကြီးနား       ဇွန်       ၂၅

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ရွှေမိုးတောင် ဆုတောင်းပြည့် စေတီတော် တည်ထားကိုးကွယ်ထားသည့် ရွှေမိုးတောင်တွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်း၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုးတောင်ခြေရှိ တရားရိပ်သာစခန်းများ ဘေးမြေကွက်လပ်တွင် ထင်းရှူး ၁၅၄ ပင်နှင့် ရတနာတန်းဝင် ကျွန်းပင်၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ ယမနေ၊ ယင်းမာ၊ ကညင်ဖြူ၊ စံကားဝါ၊ မျောက်လုပ်၊ ကြေးလန်၊ လောက်ယား၊ မိုင်းဘော၊ ကံ့ကော်၊ ခရေ၊ ချယ်ရီ၊ ရေပိတောက် စုစုပေါင်း ပျိုးပင် ၁၈၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးခဲ့ကြပြီး လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်သည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာကျောင်းဝင်းအတွင်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာ ဆရာမများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ နယ်မြေခံ တပ်မတော်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ အလားတူ မြစ်ကြီးနားမြို့ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း(ဇီးလွန်) ဝင်းအတွင်း သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေမြောင်းများ ဆယ်ယူဖောက်လုပ်ခြင်းလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များ ဌာနဆိုင်ရာများနှင့် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)