ခင်သန့်စင်

 

ယနေ့ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေရန် တွန်းအားပေးနေသည့် အကြောင်းအရင်းများလည်း များစွာပေါ်ပေါက်လျက်ရှိပါသည်။ အဂတိဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာအနက်မှ အကျိုးစီးပွားပဋိပက္ခ (Conflict of Interest- COI) နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ခွင်ရှိ နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုလာကြပါသည်။

 

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့Transparency International (TI) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

 

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က အကျိုးစီးပွားပဋိပက္ခကို လူတစ်ဦး (သို့မဟုတ်) အစိုးရဌာန အဖွဲ့အစည်း/ စီးပွားရေးလုပ်ငန်း/မီဒီယာ/ မြို့ပြလူမှုအဖွဲ့အစည်းတစ်ခု အနေဖြင့် ၎င်းတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များနှင့် ပုဂ္ဂလိက အကျိုးစီးပွားအကြား ရွေးချယ်ဆုံးဖြတ်ရာ တွင် ကြုံတွေ့ရသည့် အခြေအနေဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ဝန်ထမ်းတိုင်းသည် မိမိတို့၏ ရုံး/ ဌာနနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းဆောင်ရန်နှင့် ကာကွယ်ပေးရန်မှာ ၎င်းတို့၏ မူလတာဝန်ပင် ဖြစ်ပါသည်။

 

အကျိုးစီးပွားပဋိပက္ခသည် မိမိကိုယ်ကျိုးစီးပွား ဆောင်ရွက်လိုစိတ်နှင့် မိမိ/ အများပြည်သူအတွက် ထမ်းဆောင်ရမည့် တာဝန်များအကြား ဖြစ်လေ့ဖြစ်ထရှိသည့် လွန်ဆွဲမှုတစ်ရပ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးစီးပွား ပဋိပက္ခအခြေအနေ ဖြစ်ပေါ်ပါက မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်စေရန် ကိုယ်ကျိုးစီးပွားနှင့် ပြည်သူ့ အကျိုးစီးပွားတို့၏ အဓိပ္ပာယ်ကို ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။

 

ကိုယ်ကျိုးစီးပွားနှင့် ပြည်သူ့အကျိုးစီးပွား

 

နိုင်ငံပိုင်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များမှ ပေါ်ပေါက်လာသည့် အကျိုးကျေးဇူး၊ အကျိုးအမြတ်များကို အများပြည်သူ ရရှိခံစားရခြင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) စီးပွားရေးလုပ်ငန်း တစ်ခုက ရရှိသွားသည့် ငွေကြေးနှင့် ငွေကြေးမဟုတ်သော အကျိုးခံစားခွင့်များသည် ကိုယ်ကျိုးစီးပွား (private interest) ဖြစ်ပါသည်။ ဝန်ထမ်းများအနေ ဖြင့် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်နှင့် ရာထူးနေရာများကို အသုံးချ၍ ကိုယ်ပိုင် စီးပွားရေး ဆောင်ရွက်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ အဂတိလိုက်စားခြင်း၊ ဆွေမျိုးနှင့် မိမိအသိုင်းအဝိုင်း‌ ကောင်းစားရေးအတွက် ဆောင်ရွက်ခြင်း သည် ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

ပြည်သူ့အကျိုးစီးပွားသည် နိုင်ငံပိုင်အဖွဲ့ အစည်းများ၊ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များမှ ပေါ်ပေါက်လာသည့် အကျိုးကျေးဇူး၊ အကျိုးအမြတ်များကို အများပြည်သူတို့ ခံစားရရှိစေခြင်းပင် ဖြစ်ပါသည်။ နိုင်ငံတော်က အများပြည်သူအား ဝန်ဆောင်မှုပေးနေသည့် ကဏ္ဍများတွင်တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ကိုယ်ကျိုးနှင့် အများအကျိုး နှစ်ခုအတူ တွဲရှိနေ၍မရပါ။ ၎င်းအကျိုးစီးပွားနှစ်ခု ယှဉ်တွဲဖြစ်ပေါ်ပါက အကျိုးစီးပွားပဋိပက္ခဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွှယ်မှု

 

ထိုသို့ အကျိုးစီးပွားပဋိပက္ခအခြေအနေတွင် ဝန်ထမ်းသည် ကိုယ်ကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်လိုက်ပါက အကျိုးစီးပွား ပဋိပက္ခမှ အဂတိလိုက်စားသည့် အခြေအနေသို့ ရောက်ရှိသွားပြီး ရာဇဝတ်မှုမြောက်သည့် ပြစ်မှုအဖြစ် ပြောင်းလဲသွားပါသည်။ ထို့ကြောင့် အကျိုးစီးပွား ပဋိပက္ခအခြေအနေ ဖြစ်ပေါ်ချိန်တိုင်း အဂတိလိုက်စားမှု မဖြစ်နိုင်သော်လည်း ကာယကံရှင် ကိုယ်တိုင်က ကြုံတွေ့နေရသည့် အခြေအနေကို မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မှုမရှိပါက အဂတိ လိုက်စားမှုဖြစ်ပေါ်နိုင်ပါသည်။

 

ဥပမာ- အများပြည်သူပိုင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူရာ၌ ဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီများအနက် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီကို ရွေးချယ်ရမည့်အစား တင်ဒါရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသူနှင့် သက်ဆိုင်သည့် ကုမ္ပဏီအား လုပ်ငန်းအပ်နှံရန် ရွေးချယ်သည့် ကိစ္စရပ်မျိုးဖြစ်ပါသည်။ ၎င်းဖြစ်စဉ်တွင် တင်ဒါရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူအနေဖြင့် ၎င်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီနှင့် အခြားကုမ္ပဏီ နှိုင်းယှဉ်ရွေးချယ်ရာ၌ မိမိကုမ္ပဏီကို ဦးစားပေးရွေးချယ်လိုစိတ်နှင့် အခြားသင့်လျော်သည့် ကုမ္ပဏီရွေးချယ်ရမည့် တာဝန်တို့အကြား အကျိုးစီးပွားပဋိပက္ခ ဖြစ်ပွားချိန်တွင် မိမိအကျိုးစီးပွားကို ဦးစားပေး ရွေးချယ်လိုက်ခြင်းသည် အဂတိလိုက်စားမှုကို ကူးပြောင်းသွားခြင်းဟုဆိုရပါမည်။ ထိုကဲ့သို့ အကျိုးစီးပွားပဋိပက္ခ အခြေအနေကို မှားယွင်းစွာ စီမံခန့်ခွဲခြင်းကြောင့် အရည်အသွေးညံ့ဖျင်းသည့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို ဖြစ်ပေါ်စေခြင်း၊ လုပ်ငန်းများ၏ အရည်အသွေးများ ကျဆင်းလာစေခြင်း၊ မျှတသည့် ယှဉ်ပြိုင်မှုများကို အားနည်းစေခြင်းစသည်တို့ကို ဖြစ်ပေါ်စေပါသည်။

 

သို့ရာတွင် အဂတိလိုက်စားမှုတိုင်း အကျိုးစီးပွား ပဋိပက္ခအခြေအနေမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ အချို့သော အဂတိလိုက်စားမှုများသည် မိမိအကျိုးအတွက် ကြိုတင်ရည်ရွယ် ဆုံးဖြတ်ချက်ချ ဆောင်ရွက်ခြင်းဖြစ်၍ ကိုယ်ကျိုးစီးပွားပဋိပက္ခ ဖြစ်ပွားသည့်အဆင့်ကို ကျော်လွန်သည်ဟု တွေ့ရှိရပါသည်။

 

အချို့သော ဝန်ထမ်းများသည် ပြည်သူများ၏ အကျိုးစီးပွား ဆောင်ရွက်ရန်အတွက် ယုံကြည်အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မိမိတို့ရရှိသင့်သည့် လုပ်ပိုင်ခွင့်အဖြစ် ထင်မြင်ယူဆ၍ ဆုံးဖြတ်လုပ်ကိုင်ကြသည်ကို တွေ့ကြုံဖူးကြပါလိမ့်မည်။ ဥပမာ- မိမိပိုင်ဆိုင်သည့် လုပ်ငန်းသုံးယာဉ်များကို ရုံးလုပ်ငန်းနှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် အငှားထည့်သွင်း အသုံးပြုခြင်းဖြင့် ဝင်ငွေရှာခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေလျာထား တွက်ချက်ရာတွင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ပိုမိုတွက်ချက်တင်ပြ၍ မိမိအကျိုးအမြတ်ရရှိစေရန် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းခန့်အပ်ရာတွင် မိမိနှင့် ဆွေမျိုးတော်စပ်သည့် အရည်အချင်း မရှိသူများအား ခန့်အပ်ခြင်း၊ မိမိတာဝန် ထမ်းဆောင်နေသည့်ဌာန နှင့် ဆက်စပ်နေသည့် ပြင်ပစီးပွားရေး လုပ်ငန်း/ ဌာနတစ်ခုတွင် အချိန်ပိုင်းတာဝန်ထမ်း‌ဆောင်ခြင်း၊ တာဝန်ချိန်တွင် အခြားကိုယ်ပိုင် စီးပွားရေး‌ ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်အရ ပေးအပ်ထားသည့် အဆောင်အယောင်၊ အိမ်ရာများ၊ ဝန်ထမ်းများကို မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခြင်း၊ စည်းကမ်းမလိုက်နာသည့် ဝန်ထမ်းအား မိမိနှင့် ပတ်သက်ဆက်စပ်နေသူဖြစ်၍ အရေးယူဆောင်ရွက်ရန် လျစ်လျူရှုထားခြင်းစသည့် ကိစ္စရပ်များသည် အကျိုးစီးပွားပဋိပက္ခများကြောင့် ဖြစ်ပေါ် လာသည့် အဂတိလိုက်စားမှုပုံစံများ ဖြစ်ပါသည်။

 

ကိုယ်ကျိုးစီးပွားပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခြင်း

 

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (The Organization for Economic Co-operation and Development– OECD) အဖွဲ့ဝင်နိုင်ငံများတွင် ကျင့်ဝတ်စည်းမျဉ်းနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်း လိုက်နာဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွား ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေတွင် အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်ခြင်းကို မှန်ကန်တည့်မတ်စွာ ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်ကို ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားပါသည်။ ၎င်းအပြင် နယ်ပယ်အသီးသီး၌ သက်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များလည်း ရေးဆွဲပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရပါသည်။

 

အကျိုးစီးပွားပဋိပက္ခအခြေအနေ ဖြစ်ပွားချိန်တွင် ယင်းကို မည်သို့ကိုင်တွယ် ဖြေရှင်းမည်ဆိုသည့် အချက်သည် အလွန်အရေးကြီးသည့်အချက် ဖြစ်ပါသည်။ အများပြည်သူ ဝန်ဆောင်မှုပေးနေသည့် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကိုယ်ကျိုးစီးပွား ဆောင်ရွက်ခြင်းကို ကာကွယ်ရန်အတွက် ထိရောက်ရှင်းလင်းသည့် စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရန် ကျင့်ဝတ်များ ချမှတ်ဆောင်ရွက်ထားသင့်ပါသည်။ အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်မှုကို ကာကွယ်ရန်အတွက် ဝန်ထမ်းများအား လုံလောက်သည့် လစာသတ်မှတ်ပေးခြင်း၊ ရိုးသားကြိုးစားမှုပေါ်မူတည်၍ ရာထူးတိုးမြှင့်ပေးခြင်း စသည့်အခွင့်အရေးများဖြင့် ဆွဲဆောင်ရန် လိုအပ်သည့်အပြင် ထိရောက်သည့် ခေါင်းဆောင်မှု၊ တရားဥပဒေဆိုင်ရာထိန်းချုပ်မှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ထိန်းချုပ်မှု (အပြန်အလှန် စောင့်ကြည့်ထိန်း ကျောင်းမှုစနစ်)၊ သတင်းလွတ်လပ်ခွင့်နှင့် အမှီအခိုကင်းသည့် သတင်းထုတ်ပြန်မှုများအပြင် အကျိုးစီးပွား ထုတ်ပြန်ကြေညာခြင်းတို့ရှိရန်လည်း လိုအပ်ပါသည်။ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အပိုဒ် ၈ ဒသမ ၅ တွင်လည်း အကျိုးခံစားခွင့်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်များ ပြုလုပ်ရန် အရေးယူဆောင်ရွက်ချက်များနှင့် စနစ်များ ထူထောင်ရန် လမ်းညွှန်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

 

ကော်မရှင်၏ ဆောင်ရွက်ချက်

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အများပြည်သူ အကျိုးစီးပွားအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို “အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာ” အမှုကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆုံးဖြတ်ဆောင်ရွက်ရာတွင် အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်မှု အခြေအနေကို မှန်ကန်တည့်မတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် “တစ်ဦးတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခွင့်မပြုဘဲ အများသဘောဆန္ဒဖြင့် ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။”

 

၎င်းအပြင် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် နေ့စဉ်ပြုမူဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အကျိုးစီးပွား ပဋိပက္ခများကို နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရန်အတွက် “ကော်မရှင် ကျင့်ဝတ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ၎င်းကျင့်ဝတ်နှင့် အညီ ဆုံးဖြတ်ဆောင်ရွက်လျက် ရှိပါသည်။”

 

စီးပွားရေးနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ

 

စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများသည်လည်း ဝန်ဆောင်မှုနှင့် ကုန်ထုတ် လုပ်မှုများဆောင်ရွက်ရာ၌ မိမိတို့၏ အကျိုးအမြတ်/အမြတ်အစွန်း တစ်ခုတည်းကိုသာ ကြည့်၍ ဆောင်ရွက်ခြင်းထက် စားသုံးသူများ၏ အကျိုး စီးပွားကို အလေးထားဆောင်ရွက်ခြင်းဖြင့် အဖွဲ့ အစည်း၏ ခိုင်မာတောင့်တင်းမှုနှင့် ရေရှည်ရပ်တည်နိုင်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။

 

ကျင့်ဝတ်နှင့်အညီ ကိုင်တွယ်ဖြေရှင်းခြင်း

 

အဖွဲ့အစည်းများအတွင်း အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်မှုကို ကာကွယ်ရန်နှင့် မှန်ကန်သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ကျင့်ဝတ်များရေးဆွဲခြင်း၊ ဝန်ထမ်းများအား ကျင့်ဝတ်ဆိုင်ရာ သင်တန်းများ စနစ်တကျ သင်ကြားပို့ချပေးခြင်း တို့ကို အလေးထားဆောင်ရွက်သင့်ပါသည်။ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ရေးဆွဲထား ခြင်းမရှိသည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် ပူးပေါင်း‌ဆောင်ရွက်ခြင်းအား ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့်‌ စောင့်ကြည့် ထိန်းကျောင်းမှုစနစ် ထွန်းကားစေရေး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

သို့ဖြစ်ပါ၍ အဂတိကင်းစင်ရေး အလေးအနက် ထားဆောင်ရွက်ရာတွင် အဂတိတရားနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် အကျိုးစီးပွားပဋိပက္ခများကို “မှန်ကန်သည့်နည်းလမ်း၊ တိကျသည့်မူဝါဒ၊ နည်းစနစ်တို့ဖြင့်” ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် အဂတိ လိုက်စားမှုကို ကာကွယ်နိုင်ရန်နှင့် သင်ခန်းစာ များ ရယူထိန်းကျောင်းနိုင်စေရန် တင်ပြလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား-

transparency international ၏ conflict of interest topic

guide. com.piled by the anti-corruption helpdesk

academic research reports   conflict of interest by assoc. prof.dr.omer faruk genckaya.