ကိုလံဘို ဇွန် ၂၇

 

သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ လောင်စာဆီ အရောင်းဆိုင်များသည် လောင်စာဆီ လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် လောင်စာဆီဝယ်ယူသူများအား ဇွန် ၂၇ ရက်မှစပြီး တိုကင်နံပါတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုကင်နံပါတ်များအား ကိုင်ဆောင်ထားသူများကိုသာ လောင်စာဆီများကို ရောင်းချပေးမည်ဖြစ်ကြောင်း သီရိလင်္ကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆီကီရာက ယနေ့ပြောကြားသည်။

 

သီရိလင်္ကာတပ်မတော်သားများနှင့် ရဲအရာရှိများက လောင်စာဆီဝယ်ယူသူများအား တိုကင်များထုတ်ပေးရာတွင် ကူညီပေးသွားမည်ဖြစ်သည်။ လောင်စာဆီများကိုလည်း အကန့်အသတ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

လောင်စာဆီဝယ်ယူသူများအနေဖြင့် အနီးစပ်ဆုံး လောင်စာဆီဆိုင်များတွင် ၎င်းတို့၏ မိုဘိုင်းဖုန်းနံပါတ်များဖြင့် တိုကင်နံပါတ်များ ရရှိရန်အတွက် အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။

 

လောင်စာဆီ ဝယ်ယူသူများအား အလှည့်ကျအကြောင်းကြားကာ လောင်စာဆီများကို အကန့်အသတ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအတွင်းသို့ လောင်စာဆီ တင်သွင်းမှုရောက်ရှိလာမည့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးကြောင်းနှင့် ရုရှားနိုင်ငံသို့ ဝန်ကြီးနှစ်ဦး သွားရောက်ကာ လောင်စာဆီတင်သွင်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆီကီရာက ဆိုသည်။

 

သီရိလင်္ကာနိုင်ငံသည် လောင်စာဆီ အပါအဝင် အခြားသောမရှိမဖြစ်လိုအပ်သည့် ပစ္စည်းများပြတ်လပ်ကာ အဆိုးရွားဆုံးသော စီးပွားရေးပျက်ကပ်နှင့် ရင်ဆိုင်နေရသည့်အတွက် လောင်စာဆီ ဝယ်ယူရရှိရေးအတွက် ဆိုင်ကယ် မောင်းနှင်သူများသည် လောင်စာဆီ အရောင်းဆိုင်များတွင် စောင့်ဆိုင်းနေလျက်ရှိသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်လျက်ရှိပြီဖြစ်သည်။

 

သီရိလင်္ကာနိုင်ငံ၏ လောင်စာဆီ တင်ပို့သည့် အဓိကကုမ္ပဏီများဖြစ်သည့် CelonPetroleum ကော်ပိုရေးရှင်းနှင့် Lanka IOC တို့သည် လောင်စာဆီဈေးနှုန်း များ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်