ရီးယာ့ဒ် ဇွန် ၂၇

 

ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလမ်အယ်လ်ဆော့နှင့် ဆော်ဒီအာရေဗျနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီတို့သည် ဇွန် ၂၆ ရက်က မြို့တော်ရီးယာ့ဒ်တွင် တွေ့ဆုံခဲ့ကြပြီး  နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

နှစ်နိုင်ငံခေါင်းဆောင်တို့သည် တွေ့ဆုံစဉ် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

အီရတ်ဝန်ကြီးချုပ် အယ်လ်ကာဒီမီသည် ဇွန် ၂၅ ရက်က ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အီရန်နိုင်ငံသို့ မထွက်ခွာမီ ဇွန် ၂၆ ရက်က ၎င်း၏ ဆော်ဒီအာရေဗျခရီးစဉ်ကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

 

ဝန်ကြီးချုပ်အယ်လ်ကာဒီမီ၏ အီရန်ခရီးစဉ်မတိုင်မီ နိုင်ငံပိုင်အီရတ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အယ်လ်ကာဒီမီသည် ၎င်း၏အီရန်ခရီးစဉ်အတောအတွင်း အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကြား သံတမန် ဆက်ဆံရေးအပါအဝင် ကိစ္စအ၀၀ကို အီရန်ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အီရတ်အစိုးရသည် ဒေသအတွင်း တင်းမာမှုများအား ဖြေလျှော့ရန် အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကြား စတုတ္ထအကြိမ်မြောက် တိုက်ရိုက်ဆွေးနွေးပွဲကို ယမန်နှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပဉ္စမအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို ယခုနှစ်ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ