ကော့မှူး ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ပြည်သူ့များ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ရွေ့လျားဈေးကားဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဧည့်မထတစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ် (၇၅)အိတ်အား လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်အိတ် (၇၅)အိတ်အား လည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးလျှင် ငွေကျပ် ၂၉၀၀ ဖြင့် ဆီ(၄၀၀)ဘူးအား လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ၁၇၀ ကျပ်ဖြင့် ကြက်ဥဆယ်လုံးကဒ် (၅၀)ကဒ်တို့အား လည်းကောင်း လာရောက်ရောင်းချပေးသည်။
ရွေ့လျားဈေးကားဖြင့် လာရောက်ရောင်းချပေးမှုအပေါ် ဈေးဝယ်လာပြည်သူ ဒေါ်ခင်မျိုးက “အခြေခံစားသောက်ကုန် ပစ္စည်းတွေကို ယခုလို သက်သာသောဈေးနှုန်းတွေနဲ့ လာရောက်ရောင်းချပေးမှုကြောင့် မြို့နယ်အတွင်းရှိ ပြည်သူတွေ အရမ်းကိုအဆင်ပြေမှုရှိပါတယ်။ ယခုလို လာရောက်ရောင်းချပေးဖို့ စီစဉ်ပေးသူတွေနဲ့ လာရောက်ရောင်းချပေးသူတွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။
ကျော်သူရ(ကော့မှူး)