မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့တိုက်လိပ်များ အောင်မြင်စွာပေါက်ပွားလျက်ရှိကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ထံမှ သိရသည်။

 

မြန်မာ့တိုက်လိပ်များသည် မြန်မာတစ်နိုင်ငံတည်းသာရှိသည့် ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လိပ်မျိုးစိတ်များအနက် ဒုတိယအရှားပါးဆုံး မျိုးစိတ်ဖြစ်သည်။ အဆိုပါ ရှားပါးမြန်မာ့တိုက်လိပ်များသည် နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်လျက်ရှိသဖြင့်မျိုးဆက်မပျက်သုဉ်းစေရေး၊ သုတေသနပြုလုပ်နိုင်ရေး နှင့် အများပြည်သူ လေ့လာနိုင်ရေးအတွက် ရည်ရွယ်၍ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၌ မွေးမြူထိန်းသိမ်းလျက် ရှိသည်။

 

တိုက်လိပ် ၃၄ ကောင် ထပ်မံပေါက်ပွား

 

အဆိုပါ ဘေးမဲ့တောဥယျာဉ်တွင် သစ်တောဦးစီးဌာနနှင့် မိတ်ဖက် ဌာနများက ၂၀၀၁ ခုနှစ်မှ စတင်၍ အသက် နှစ်နှစ်နှင့် သုံးနှစ်သား တိုက်လိပ်ပေါက် အထီး အကောင်ရေ ၄၀ နှင့် အမ အကောင်ရေ ၆၀ စုစုပေါင်း တိုက်လိပ် အကောင် ၁၀၀ ကို စတင်မွေးမြူခဲ့ပြီး ၂၀၂၁ ခုနှစ် တွင် ၎င်းတို့၏ အရွယ်ရောက်ချိန်၊ မိတ်လိုက်ချိန်၊ ဥဥချိန်နှင့် သားပေါက် ချိန်များကို တိတိကျကျ မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း၌ပင် မြန်မာ့တိုက်လိပ် ၃၄ ကောင် ထပ်မံပေါက်ပွားခဲ့ပြီး ကြီးထွားရှင်သန်လျက်ရှိကြောင်း ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 

 

mdn

 

 

တိုက်လိပ်အများဆုံး ပေါက်ပွား

 

ဆက်လက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တိုက်လိပ်မ ၁၆ ကောင် ဥ ဥခဲ့ကြကြောင်း၊ အဆိုပါ ဥကျင်း ၃၀ အနက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်တွင် တိုက်လိပ်ငယ်နှစ်ကောင် စတင် ပေါက်ပွားခဲ့ပြီး ဇွန် ၈ ရက်တွင် စုစုပေါင်း တိုက်လိပ် ၁၄၉ ကောင်အထိ ထပ်မံပေါက်ပွားလာခဲ့ကြောင်း သိရသည်။ ယခု ကာလတွင် လိပ်သားပေါက်ရာသီ ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် တိုက်လိပ်များ ဥဥထားသော သဲသောင်ပြင်အနှံ့ တူးဖော်ရှာဖွေကြရာ တိုက်လိပ်ပေါက် ၁၄ ကောင် ထပ်မံတွေ့ရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ် တိုက်လိပ်သား ပေါက်ရာသီတွင် စုစုပေါင်း တိုက်လိပ် ၁၆၃ ကောင် ပေါက်ပွားခဲ့မှုကြောင့် တိုက်လိပ်အများဆုံး ပေါက်ပွားသည့် နှစ်တစ်နှစ်အဖြစ် စံချိန် တင်ခဲ့ကြောင်း သိရသည်။

 

မွေးမြူထိန်းသိမ်း

 

မြန်မာနိုင်ငံတွင် တိုက်လိပ်များကို လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အပြင် ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တို့တွင်လည်း မွေးမြူထိန်းသိမ်းထားကြသည်။ စင်ကာပူနိုင်ငံသို့ ဌာနအစီအစဉ်ဖြင့် ငှားရမ်းထားသော သက်တူရွယ်တူ တိုက်လိပ် ၁၆ ကောင်မှာ အောင်မြင်သော သားပေါက်မှုမရှိသေးကြောင်း လိပ်ပညာရှင် တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ တင့်လွင်ထံမှ သိရသည်။

 

ကိုကြေးမုံ