တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကာဗွန်လျှော့ချမှု အမြင့်ဆုံး ရောက်ရှိ နိုင်ရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားပြီး နိုင်ငံ့စွမ်းအင်ကဏ္ဍ တည်ဆောက်မှုတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

 

လျင်မြန်စွာတိုးတက်

 

တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးမှု လျင်မြန်စွာတိုးတက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ် နိုင်ခဲ့သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပမာဏသည် ကျောက်မီးသွေး တန်ချိန် ၇၅၀ အသုံးပြုမှုကို လျှော့ချနိုင်ခဲ့မှုကြောင့် ကာဗွန်ထုတ်လွှတ်မှု ၁ ဒသမ ၉၅ ဘီလီယံ တန်ခန့် လျော့နည်း သက်သာခဲ့ကြောင်း တရုတ်နိုင်ငံ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ အင်စတီကျုက ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တပ်ဆင်ထုတ်လုပ်နိုင်စွမ်းသည် ကီလိုဝပ် တစ်ဘီလီယံရှိသဖြင့် နိုင်ငံ့စုစုပေါင်း စွမ်းအင်ပမာဏ၏ ၄၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ထို့အတူ ၂၀၂၁ ခုနှစ် တစ်နှစ်လုံး၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးပြုနိုင်မှု ၂ ဒသမ ၄၈ ထရီလီယံ ကီလိုဝပ်နာရီရှိခဲ့သဖြင့် တစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အား ပမာဏ၏ ၂၉ ဒသမ ၇ ရာခိုင်နှုန်း အထိ ပင် ရှိခဲ့သည်။

 

စံချိန်တင် ထုတ်လုပ်

 

ယခုနှစ် မေလအကုန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တပ်ဆင်ထုတ်လုပ်မှု ၁ ဒသမ ၁ ဘီလီယံ ကီလိုဝပ်ရှိခဲ့သဖြင့် စံချိန်တင် ထုတ်လုပ်နိုင်မှုပင်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးလာမှုသည် ကာဗွန် လျှော့ချမှုမှတစ်ဆင့် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးနှင့် စွမ်းအင်လုံလောက်မှုအတွက် အထောက်အကူဖြစ်စေကြောင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ အင်စတီကျုက မှတ်ချက်ပြုသည်။

 

ယခုလအတွင်း ကြေညာခဲ့သည့် နိုင်ငံ့စွမ်းအင်ဆိုင်ရာ ငါးနှစ်စီမံကိန်းအရ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှုကဏ္ဍမှ လျှပ်စစ်ပမာဏ ၃ ဒသမ ၃ ထရီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ခြင်းဖြင့် ကျောက်မီးသွေးတန်ချိန် တစ်ဘီလီယံ အသုံးပြုမှုကို လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ သန့်ရှင်းသော စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု ကို လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းရာတွင် စွမ်းအင်သိုလှောင်မှုဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ရင်းနှီးမြှုပ်နှံ

 

ထို့ပြင် တရုတ်နိုင်ငံ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ရန်းကျူက နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှုရှိစေရေး ကြိုးပမ်းမှုနှင့်အတူ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ထို့အတူ နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ် စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွက် အဓိကစီမံကိန်း ၁၀၂ ခုတွင် လေထု၊ ရေထု နှင့် မြေဆီလွှာ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာများ၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် လုံခြုံမှုတို့နှင့် ပတ်သက်သည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

 

မြန်လင်းမောင်