တာချီလိတ်       ဇွန်        ၂၈

 

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ပြစ်ဒဏ်စေ့ ရွေ့ပြောင်း မြန်မာ အလုပ်သမားများနှင့် နေရပ်ပြန် အလုပ်သမားများအား နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီချက်အရ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေပိုင်း)၊ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)တွင် ဇွန် ၂၈ ရက် နံနက်ပိုင်းက ကြိုဆိုလက်ခံခဲ့ကြသည်။

လွှဲပြောင်းရောက်ရှိလာသော ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ ရွေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၂၀ စုစုပေါင်း ၉၆ ဦးနှင့် နေရပ်ပြန် အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၈၇ ဦးတို့အား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန လူဝင်မှု ကြီးကြပ်ရေးအရာရှိ Mr. Sonsak Singkham ဦးဆောင်သည့် အဖွဲ့က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့များ၊ တာချီလိတ်တပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှုးကြီး မင်းမင်းထွန်းနှင့် နယ်မြေခံ စစ်သည်များ၊ ခရိုင် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီကြပ်ရေး ဌာနခွဲ (၆)မှ လက်ထောက်ညွန်ကြားရေးမှုး ဦးဆောင်သည့် တာဝန်ရှိသူများ၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC) အဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စီမံဆောင်ရွက်ကာ လက်ခံခဲ့ကြသည်။

အဆိုပါ လွဲပြောင်းပေးအပ်လာသည့် ပြစ်ဒဏ်စေ့နှင့် နေရပ်ပြန် မြန်မာ အလုပ်သမား ၁၈၃ ဦးအား တာချီလိတ်တပ်နယ်မှ ဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပြီး ဟောင်လိတ်ရပ်ကွက်ရှိ ဝမ်လုံး Quarantine Center တွင် ခုနစ်ရက်ခန့် ထားရှိကာ ကိုဗစ်ရောဂါပိုး ဆေးစစ်ခြင်း၊ စောင့်ကြည့်ခြင်းများ ​ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်ယော်(တာချီလိတ်)