ရန်ကုန် ဇွန် ၂၈
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဌေးလှိုင်က သင်တန်းပြီးမြောက် အောင်မြင်မှု အထိမ်းအမှတ် မုဒိတာစကားကို လည်းကောင်း၊ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆုထူးပန် အဘိဓမ္မာ ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးဌေးလွင်က သာသနာရေး ဆိုင်ရာများကို လည်းကောင်း ပြောကြားကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးအား ဂါရဝပြုလက်ဆောင်နှင့် ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသားများကို ဆုချီးမြှင့်ပေးအပ်ကြရာ သင်တန်းသား တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ် နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်