ကော့သောင်း ဇွန် ၂၉

 

နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း အလုပ်သမား ၁၆၅ ဦးကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများထံ  ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ခဲ့ကြသည်။

 

အဆိုပါ မြန်မာအလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

mdn

 

ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများကို နေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထားသူများကို ကော့သောင်းမြို့ရှိ Quarantine Center သုံးခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီခွဲခြားထားရှိကာ သုံးရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်စစ်ဆေးပြီး  ပိုးစစ်ဆေးတွေ့ရှိခြင်း မရှိမှသာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)