နေပြည်တော ဇွန် ၂၉
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာ အစည်းအဝေးကို ဇွန် ၂၉ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “စိုက်ပျိုးမြေများကို ထိထိရောက်ရောက် အသုံးချကာ စိုက်ပျိုးရာသီအလိုက် သီးနှံမျိုးစုံမျိုးကွဲများ စုံလင်စွာ စိုက်ပျိုးရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးမှု တိုးတက်ရေး၊ အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်၍ ဈေးကွက်ရရှိရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး လယ်ယာကဏ္ဍ၏ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များနှင့် စီမံကိန်းဦးစီးဌာနက စတုတ္ထအသုတ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စီမံကိန်းတွင် ပါဝင်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက သက်ဆိုင်ရာ ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများ အသုံးပြုပြီး ဘက်စုံကဏ္ဍစုံ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာရေး လုပ်ငန်းများကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများဖြင့် အဓိက ဆောင်ရွက်လျက်ရှိသကဲ့သို့ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များ၊ ချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း စီမံကိန်း လုပ်ငန်းများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်း ပထမအသုတ်ဖြစ်သော ၂၀၁၇ ခုနှစ်တွင် စီမံကိန်း ငါးခု၊ ဒုတိယအသုတ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်း ကိုးခု၊ တတိယအသုတ် ၂၀၂၀ ခုနှစ်တွင် စီမံကိန်း ခြောက်ခု၊ စတုတ္ထအသုတ် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း လေးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ပဉ္စမအသုတ် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ဖြင့် စုစုပေါင်း စီမံကိန်း ၃၁ ခုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်