ပုလော ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)နှုန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာပေါင်း (၁၃)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုမှ ပြောသည်။
ပုလောမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်းကျေးရွာ၊ ကြပ်ချောင်းကျေးရွာ၊ ပြင်ဘုကြီးကျေးရွာ၊ ဆင်ထိုးငယ်ကျေးရွာ၊ အရှေ့ကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ပြင်းဖြူကျေးရွာ၊ မှော်ကြောင်းကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ ရေချိုကျေးရွာ၊ တံမျှားကျေးရွာ၊ မီးလောင်အော်ကျေးရွာ၊ အောက်ပေါင်းကျေးရွာ စသည့် ကျေးရွာ(၁၃)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာနေပြည်သူများ၏ ဆန္ဒသဘောထားနှင့်အညီ ကော်မတီဝင်များကို ရွေးချယ်ဖွဲ့စည်းပေးခြင်းများ၊ ကွင်းဆင်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဦးစားပေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ကျေးရွာနေ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ကာလပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး နည်းပညာပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုထံမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပုလောမြို့နယ်ရှိ ကျေးရွာ(၁၃)တို့မှ အိမ်ခြေ(၂၇၀၁)အိမ်၊ လူဦးရေ (၁၅၀၉၆)ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည့်အပြင် လူနေမှုအဆင့်တန်းများလည်း မြင့်မာတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)