ကျိုင်းတုံ ဇွန် ၃၀

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီးရှိ မိုင်းကျတ်အထက်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်မှစတင်၍ အဓိဋ္ဌာန်ပြု တရားကျင့်ကြံအားထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား လာရောက်ဖူးမြော်သူများ အဆင်ပြေစေရေး တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော် အဓိဋ္ဌာန်ပြု တရားကျင့်ကြံအားထုတ်သည့် ကျောက်ဂူသည် မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီး၊ လမ်းခရီးခက်ခဲဝေးလံသည့် ဒေသတွင်တည်ရှိပြီး သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး၊ နေထိုင်တည်းခိုရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး လိုအပ်ချက်များ အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ဇွန် ၂၈ ရက်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍ အလှူငွေနှင့် ဆေးဝါးများလှူဒါန်းကာ လိုအပ်သည်များ ကူညီပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့် မိုင်းကျတ်ဂူမှ ထွက်တော်မူလာမည်ဖြစ်ပြီး မိုင်းကျတ်အောက်ဂူတွင် အပူဇော်ခံ၍ တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီး အဓိဌာန်ဝင်သည့် မိုင်းကျတ်ကျောက်ဂူသို့ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့များမှတစ်ဆင့် သွားရောက်နိုင်၍ အဆိုပါမြို့များနှင့် ၃၇ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)