နေပြည်တော်၊ ဇွန် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် (၉) နာရီတွင် လယ်ဝေးမြို့နယ်၊ အောင်စည်လာကျေးရွာ အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး စကား ပြောကြားရာတွင် တောင်ပေါ်ဒေသများမှ ဒေသခံပြည်သူများနှင့် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ/ဆရာမများ၏ အခက်အခဲများကို နားလည် ကိုယ်ချင်းစာပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် တောင်ပေါ်ဒေသ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပြီး တောင်ပေါ်ဒေသ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တောင်ပေါ်ဒေသ ကျေးရွာများ၏ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အားပေးစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်ပေါ်ဒေသမှ ဒေသခံ ပြည်သူများအတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ဒေသခံပြည်သူများက ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေးနှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရေးတို့အတွက် တင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်ပတ်သက်၍ ရေတို၊ ရေရှည် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား စိစစ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားသည်။
ယင်းနောက် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအတွက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်ဖီလာ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် ဆရာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မက်စ်ဘိလပ်မြေ စက်ရုံသို့ သွားရောက်၍ စက်ရုံလည်ပတ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာတွင် စက်ရုံတာဝန်ခံက စက်ရုံလည်ပတ်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အောင်ချမ်းသာကျေးရွာအနီး လမ်းပိုင်းနှင့် တောင်စဉ်အေး စစ်ဆေးရေးဂိတ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်