ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန် ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ခြင်းသည်  ကျောင်းသား/ ကျောင်းသူတို့၏ ဘဝအစ ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း၊ "အစကောင်းမှအနှောင်းသေချာ" ဆိုသည်အတွက် ဘဝအစတက်လမ်းမှ အခြေခံ ကောင်းမွန်ခိုင်မာစွာဖြင့် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားနိုင်ရန် ဆက်လက် ကြိုးစားကြစေလိုကြောင်း၊ ပညာရှာသည့် အရွယ်တွင် ပညာကိုသာ ဆည်းပူးလေ့လာပြီး မိဘ/ဆရာ သမားများ၏ သွန်သင်ဆုံးမမှုကို နာခံလိုစိတ် ရှိရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သိက္ခာ၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် "ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုသည့်အတိုင်း ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်ရေးအတွက် တက္ကသိုလ် ပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာ မှတ်သားပြီး နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော လူရည်ချွန်/ လူရည်မွန်များ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

 

mdn

 

ဆက်လက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းသား/ သမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ (၅) ဘာသာဂုဏ်ထူးရှင် တစ်ဦး၊  (၄) ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊  (၂) ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၁) ဘာသာဂုဏ်ထူး ရှင် (၁၂) ဦး နှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများရှိ သင်တန်းသား/ သင်တန်းသူများမှ (၂) ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊  (၁) ဘာသာဂုဏ်ထူးရှင် (၁၂) ဦး စုစုပေါင်း (၃၅) ဦးတို့အတွက် ဂုဏ်ထူး (၁) ခုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၅၇,၀၀,၀၀ဝိ/- (ကျပ်ငါးဆယ့်ခုနှစ်သိန်းတိတိ) ကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများကိုယ်စား (၅) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မအိမ့်သက်ထားဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်