နေပြည်တော်၊ ဇူလိုင် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးဖြစ်သည်။
အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအပါအဝင် ပင့်သံဃာ ၂၇ ပါး ပင့်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများကို မြန်မာ့ လေကြောင်းလေယာဉ်ဖြင့် နေပြည်တော်သို့ ပင့်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆွမ်းကပ်သည့် အချိန်တွင် တစ်ဝိုင်းလျှင် ၃ ပါးနှုန်းဖြင့် စားပွဲ ၉ ဝိုင်းဖြင့် ဆွမ်းဆက်ကပ် သွားမည်ဖြစ်ကြောင်း။
အခမ်းအနားအတွက် အထောက်အကူပြုအဖွဲ့၊ ဆွမ်းဆက်ကပ်မည့်အဖွဲ့၊ ဟိုတယ်ဝန်ထမ်း၊ အလုပ်သမား များကို ဆပ်ကော်မတီအလိုက် တာဝန်ပေးကြရမည်ဖြစ်ပြီး လုံခြုံရေးအတွက် အခမ်းအနား အစမှအဆုံးထိ ပုံသေသတ်သတ်မှတ်မှတ် တာဝန်ပေးကြရန်၊ လူပြောင်းလဲမှုမရှိစေရေး ဆပ်ကော်မတီများက ကြပ်မတ် သွားရန် အရေးကြီးပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း။
ဆရာတော်ကြီးများတည်းခိုမည့် သံဃာရာမအဆောင်ဝင်းအတွင်း ခြင်၊ ယင် မခိုအောင်းနိုင်ရန် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဆေးဖျန်းခြင်းကို ဂေါပကအဖွဲ့နှင့် ကျန်းမာရေးဆပ်ကော်မတီတို့ ညှိနှိုင်းဆောင်ရွက် စေလိုပါကြောင်း၊ ဆရာတော်ကြီးများ၏ ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်နိုင်ရန် ဆေးခန်း၊ ဆေးဝန်ထမ်းများကို ဖွင့်လှစ်တာဝန်ချပေးရမည် ဖြစ်ကြောင်း။
လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် ယခင်အခမ်းအနားများ၏ အားနည်းချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်ဆောင် ရွက်ရန်၊ ဆပ်ကော်မတီအားလုံးကလည်း လုံခြုံရေးဆပ်ကော်မတီ၏ လိုလားချက်များကို လိုက်နာပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုကို ဇူလိုင် ၆ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အသေးစိတ် အခြေအနေများကို ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)