နေပြည်တော် ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံများ၏ အဓိပတိကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇအဂ္ဂမဟာ မင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယ သံဃရာဇာ) ဒေါက်တာ အရှင်ညာဏိဿရ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ/မြိုဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အလှူရှင်များ တက်ရောက်သည်။
ရှေးဦးစွာ စက္ခုဒါနဆေးရုံဖွင်ပွဲအခမ်းအနား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက ဆေးရုံဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ အလှူရှင်ကိုယ်စားလှယ်တစ်ဦးနှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့က သီတဂူစက္ခုဒါန ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့မှ ကဗ္ဗည်းမော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရေများ ပက်ဖျန်းပေးသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးက ဩဝါဒကထာ မြွက်ကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက သီတဂူအဓိဌာန်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက် သည်။
ဆက်လက်၍ သီတဂူစက္ခူဒါနဆေးရုံ ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သီတဂူဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်၍ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဇယ်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများကို ဆေးရုံမှ တာဝန်ရှိသူထံ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်/သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ သီတဂူဆရာတော်ကြီးထံမှ အနုမောဓနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းလိုက် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များနှင့် ခန္တီးမြို့နယ်တို့မှ လာရောက်ပြသကြသော မျက်စိဝေဒနာရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကာ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်၊ ခွဲစိတ်၊ ကုသဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုခဲ့ပြီး သီတဂူဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)