ညောင်ဦး ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်၍ ဇူလိုင် ၂ ရက်က ညောင်ဦးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ညောင်ဦးမြို့အဝင် လေဆိပ်လမ်းဆုံမှ လေယာဉ်ကွင်းဝင်ပေါက်အထိ လမ်းဘေး(ဝဲ/ယာ) တစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်တို့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၁၅၀ ခန့်ဖြင့် လေယာဉ်ကွင်းသွားရာလမ်းတစ်လျှောက် လမ်းဘေး(ဝဲ/ယာ)ရှိ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း လုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် သမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီ၊ ပုထိုးများစွာဖြင့် ခန့်ညားထည်ဝါလှသည့် နေရာဒေသဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည်များက စိတ်ဝင်တစ်စား လာရောက်လည်ပတ်လျက်ရှိကာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်(စနေနေ့)တိုင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)