ညောင်ဦး ဇူလိုင် ၃

 

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် ယခုနှစ် ကြယ်လိပ် (၁၅၇၆)ကောင် ပေါက်ဖွားခဲ့ပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ကြယ်လိပ်ကောင်ရေ (၂၆၆)ကောင် ပိုမိုပေါက်ဖွားလာကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာနမှ သိရသည်။

 

ယခင်နှစ်က ကြယ်လိပ်သားပေါက် (၁၃၅၀)ကောင်ပေါက်ဖွားခဲ့ပြီး ​​​​ဥယျာဉ်တွင် ကြယ်လိပ်အထီး (၄၂)ကောင်၊ အမ အကောင် (၄၀) စုစုပေါင်း (၈၂)ကောင်ကို ၂၀၀၁ ခုနှစ်တွင် စတင်မွေးမြူခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူစနစ်ဖြင့် မွေးမြူလျက်ရှိသည်။

 

ကြယ်လိပ်များသည် မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၎င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင်များ သုတေသနပြုနိုင်ရန်နှင့် အများပြည်သူများ အနီးကပ်လေ့လာ ကြည့်ရှုနိုင်စေရန်တို့အတွက် ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ရှင်းပြသည်။

 

ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် အရွယ်ရောက်ကြယ်လိပ်မ ၁၅၅ ကောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်အထိ ဥကျင်း (၄၃၆)ကျင်း၌ ကြယ်လိပ်ဥလုံးရေ ၂၈၉၉ လုံးဥထားခဲ့ကြောင်း၊ ဥဥရာတွင် မြေကြီးအတွင်း နက် ၆ လက်မခန့်နှင့် ဥကျင်းအကျယ် ၄ လက်မခန့် ကျင်းများထဲတွင် ဥချခဲ့ကြောင်း၊ ဥကျင်းများထဲတွင် ၃ လမှ ၉ လအထိကြာမြင့် တတ်သည့်အတွက် နေရာပျောက်မသွားစေရန် ဥကျင်းနှင့် ၈ လက်မအကွာလောက်တွင် မှတ်တိုင်စိုက်ထူ၍ထားရကြောင်း၊ ယင်းမှတ်တိုင်တွင် လိပ်မအမှတ်၊ ဥဥသည့်ရက်စွဲ၊ ဥအလုံးအရေအတွက်၊ အကြိမ်ရေ၊ လိပ်ကျင်းတည်နေရာပြမြားတို့ကို စိုက်ထူဖော်ပြထားကြောင်း၊ အဆိုပါဥကျင်းများအနက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ကြယ်လိပ်မ အမှတ် (၂၅၃)ဥထားသော ဥကျင်းမှ ဥ(၆)လုံးသည် ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် ကြယ်လိပ်ငယ် ခြောက်ကောင် စတင်ပေါက်ဖွားခဲ့ပြီး လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်သားပေါက်ရာသီသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဆက်လက်၍ အခြားဥကျင်းများထဲမှ ကြယ်လိပ်ဥများလည်း ထပ်မံပေါက်ဖွားလာခဲ့ရာ ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်ထိ ကြယ်လိပ်သားပေါက် (၁၅၇၆)ကောင် ပေါက်ဖွားလာခဲ့ပြီး ကြယ်လိပ်ပေါက်ရာသီမှာ လည်းကုန်ဆုံးခဲ့ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်​ချုပ်ရေးမှူးရုံးမှ သိရသည်။

 

လောကနန္ဒာဘေးမဲ့တောဥယျာဉ် ကြယ်လိပ်မွေးမြူရေးခြံသည် နှစ်စဉ်ကြယ်လိပ်ကောင်ရေ (၁၀၀၀)ကျော် ပေါက်ဖွားလျက်ရှိပြီး ၂၀၀၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ (၂၂)နှစ်တာကာလအတွင်း ပေါက်ဖွားနှုန်းအကောင်းဆုံးနှစ်ဖြစ်သည်။

 

ယခုအခါ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် အရွယ်စုံကြယ်လိပ် (၈၇၈၈)ကောင်ရှိနေပြီး နေရင်းဒေသများသို့ ပြန်လည်စေလွှတ်ခဲ့သည့် ကြယ်လိပ် (၂၆၅၀)ကောင်နှင့်ဆိုပါက (၁၁၄၃၈)ကောင် ပေါက်ဖွားခဲ့ပြီးဖြစ်သည်။

 

ကိုကြေးမုံ