နေပြည်တော်၊ ဇူလိုင် ၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဌာနဆိုင်ရာ တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ဇူလိုင် ၂ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌ အကောက်ခွန်မဲ့ ထမင်းပေါင်းအိုး (၄၆၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၁၂၇,၅၀၀) ကိုလည်းကောင်း၊ ဇူလိုင် ၃ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်မဲ့ အိမ်တွင်းစီးဖိနပ်များ အရန်(၆၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၁၂၇,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ KENBO 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ကျောက်မဆင် ကြိုးဝိုင်းအတွင်း တရားမဝင် ဒီးဒူးခွဲသား (၁ ဒသမ ၃၆၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၄၃၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂ ရက်နှင့် ၃ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၇၂,၉၃၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်