ရန်ကုန် ဇူလိုင် ၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ခဲ့မှု၊ ဝန်ထမ်းနှင့် လုံခြုံရေးအင်အားရရှိမှု၊ စက်သုံးဆီ သိုလှောင်ကန်၊ စက်သုံးဆီ တင်ချဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်များ နှင့် စက်ဆီရောစပ် စည်သွတ်စက်ရုံတို့ကို ပြုပြင်မွမ်းမံထိန်းသိမ်းမှု၊ စက်ရုံဓာတ်ခွဲခန်းတွင် စက်သုံးဆီနှင့် စက်ဆီ/ ချောဆီများ စမ်းသပ်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အဦများ ပြင်ဆင်မွမ်းမံထားရှိမှု၊ စက်ဆီ ရောစပ်စည်သွတ် စက်ရုံလည်ပတ် ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အဦများ ပြင်ဆင်မွမ်းမံထားရှိမှုနှင့် ရေနံပေါင်းတင်စက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အဦများကို စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ စက်ရုံမွမ်းမံပြင်ဆင်ခြင်းနှင့် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်သုံးဆီအမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအား ထပ်မံဖိတ်ခေါ်သွားရန်လိုကြောင်း၊ စက်ရုံဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘောများ ဆိုက်ကပ်နိုင်မည့်အခြေအနေကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာ တင်ပြသွားရန်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်လည်ပတ်ထုတ်လုပ်လျက်ရှိသည့် စက်ဆီရောစပ် စည်သွတ်စက်ရုံနှင့် သိုလှောင်ကန်များ ပြုပြင်မွမ်းမံပြီးစီးမှု၊ Filling Mechine ဖြင့်စက်ဆီ/ ချောဆီ ဖြည့်တင်းဆောင်ရွက်နေမှုနှင့် ကုန်ကြမ်း သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ဆီ ရောစပ်စည်သွတ်စက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ လိုအပ်သော Mono-grade အဆင့် စက်ဆီ/ ချောဆီများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Mono-grade အဆင့်မှ Multi-grade အဆင့်ရှိသော စက်ဆီ/ ချောဆီများ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ရေးဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ စီးပွားရေးတွက်ချေကိုက်မှု ရှိစေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခ ပေးချေသောစနစ်ဖြင့် စက်ဆီ/ ချောဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဝန်းအတွင်းရှိ ရှေးဟောင်း ပေါ်တူဂီ ဘုရားကျောင်းသို့ ရောက်ရှိရာ ဘုရားကျောင်းတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ဘုရားကျောင်း ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
