အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော် ဇူလိုင် ၄

 

 

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေခြင်းသည် နိုင်ငံတော်အတွက် လိုအပ်ချက်အရ ပါဝင်ဆောင်ရွက်နေရခြင်းပင်ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများကြောင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ကို မှန်မှန်ကန်ကန် သိရှိနားလည်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။                                                                                                                                                                                 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲသာမရှောင်သာသော အခြေ နေအရ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေ မိသားစုများအနေဖြင့် မှန်မှန်ကန်ကန် သိရှိထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် လက်ရှိဖြစ်တည်ချက်များအရ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်များတွင် ပါဝင်နေရခြင်းဖြစ်သကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံရေးဆောင်ရွက် သူများအနေဖြင့် နိုင်ငံရေးရင့်ကျက်မှုနှင့် သဟဇာတဖြစ်မှုများရှိရန် လိုအပ်နေသေးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးစနစ် မတူညီကွဲပြားမှုများရှိကြောင်း၊ အချို့သော နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေခံအချက်များအပြင် အခြားအခြားသော အချက်များစွာတို့အရ နိုင်ငံအနေ ဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ယနေ့အထိ လိုအပ်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုများရှိရန် အတွက် မိမိတို့နိုင်ငံတွင် ခိုင်မာသည့် အင်စတီကျူးရှင်းလိုအပ်ကြောင်း၊ ထိုအင်စတီကျူးရှင်းမှာ တပ်မတော်သာဖြစ်ပြီး နိုင်ငံတော်၏ Guardian အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 

၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီ အုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေး ကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုကြီး စည်းစည်းလုံးလုံးဖြင့် တည်ငြိမ်မှုရှိစေရေး တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခဲ့ရသဖြင့် တပ်မတော်၏ နိုင်ငံတော်၏ တာဝန်ထမ်းဆောင်မှုအပေါ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးအရနာကြည်းမှုများ၊ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်း နာကြည်းမှုများသည် ယခုအချိန်အထိ ကျန်ရှိနေသေးကြောင်း။

 

ပညာရည်မြင့်မားရေး

 

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ကာ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ မိမိတို့နိုင်ငံရှိပြည်သူများတွင် နိုင်ငံရေး သိရှိနားလည်သူများရှိသကဲ့သို့ သိရှိနားလည်မှု အားနည်းသူများလည်း ရှိကြောင်း၊ နိုင်ငံရေးအသိ အားနည်းသူများ အပေါ် သွေးထိုးဆောင်ရွက်နေမှုများလည်း ရှိကြောင်း၊ ထိုသို့ နိုင်ငံရေးအသိ အားနည်းရခြင်းမှာလည်း နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရေးအခြေအနေနှင့်လည်း ဆက်စပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးသည် ခေတ်အဆက်ဆက်တွင် နိမ့်ကျခဲ့ပြီး အတန်းပညာ ပြီးမြောက်သူ နည်းပါးခဲ့ကြောင်း၊ ပညာရေး အားနည်းသဖြင့် အသိပညာအားနည်းရခြင်းပင်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူ လူဦးရေ ၃၄ ဒသမ ၂၉ သန်းဖြစ်ပြီး လူဦးရေတိုးတက် နှုန်းမှာ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းသန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၅ နှစ် အထက် ကျောင်းမနေဖူးသူဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်နှင့်အထက် ၁၂ ဒသမ ၈ သန်းသည် မူလတန်းအောက် ပညာအရည်အချင်း သာရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ များစွာ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ပညာတတ်မြောက် မှသာ စာပေဗဟုသုတ လေ့လာမှုရှိမည်ဖြစ်ပြီး အသိပညာဗဟုသုတ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝလာစေရေး၌ ကျန်းမာ ကြံ့ခိုင်မှုသည်လည်း အရေးကြီးသဖြင့် ပညာရည် မြှင့်တင်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ကို ဟန်ချက်ညီမြှင့်တင်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည် မြှင့်တင်ရေးလုပ်ငန်းကို နိုင်ငံတော်၏ အနာဂတ် အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်

 

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးကတည်းက နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများ၊ အယူဝါဒမတူညီမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရပြီး မျိုးဆက်များအလိုက် ပြောင်းလဲသွားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများသည် ယနေ့ထက်တိုင် ရှိနေသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ မရှိမှသာ နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်နေသည့် အခြေအနေတွင် နိုင်ငံကိုထိန်းသိမ်းနိုင်သည်မှာ တပ်မတော်သာလျှင်ဖြစ်ပြီး တပ်မတော်အနေဖြင့် အချို့အရာများတွင် အနစ်နာခံ ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် ကိစ္စရပ်များသည် ခံယူချက်ကောင်းများဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် တပ်မတော်သား အားလုံးတွင် တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး

 

နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ၌ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် စည်းကမ်းဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုပြီး အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု၊ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုပဋိပက္ခများကို မိမိတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေးမျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေရာတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖြစ်ရန် လိုပြီး ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားသည့်လုပ်ရပ် မဖြစ်ရန်လိုကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရာ၌ ဖက်ဒရယ်စနစ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများ ခွဲဝေပေးထားခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားချက်မှာ ရှေးဘုရင်များလက်ထက်ကတည်းကပင် တစ်ပြည်ထောင်နိုင်ငံမဟုတ်ဘဲ တိုင်းရင်းသားဒေသများအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်းတည်ထောင်ခဲ့သည့် ပြည်ထောင်စု နိုင်ငံတော်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးချိန်တွင် ယခင်က မြန်မာနိုင်ငံ နယ်နိမိတ်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားပြည်သူများအားလုံး ရှေးယခင် ကတည်းက တစ်စုတစ်စည်းတည်း ရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း။

 

ငြိမ်းချမ်းမှုရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်နိုင်မည်

 

အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသဖြင့် ပြည်သူလူထု၏ စီးပွားရေးကောင်းမွန်အောင် ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းတွင် နိုင်ငံရေးအရ သမိုင်းကြောင်းများအပြင် စီးပွားရေးအရ သမိုင်းကြောင်းများရှိခဲ့ပြီး ၁၉၅၀ ပတ်ဝန်းကျင်ခန့်တွင် ကိုရီးယားစစ်ပွဲများဖြစ်ပေါ်ခဲ့ကာ မိမိတို့ နိုင်ငံမှ ဆန်၊ စပါးကဲ့သို့ ထွက်ကုန်များ ဈေးကောင်း ရခဲ့ကြောင်း၊ ထို့ကြောင့် အာဏာရပါတီအနေဖြင့် ပြည်တော်သာစီမံကိန်းကို ရေးဆွဲခဲ့ပြီး “လူတစ်ယောက် ကားတစ်စီး၊ တိုက်တစ်လုံး၊ တစ်လ ဝင်ငွေ ရှစ်ရာ” ဟူသည့် ကြွေးကြော်သံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားစစ်ပွဲအပြီးတွင် စပါးဈေးထိုးကျခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သဖြင့် ဝင်ငွေနည်းပါးခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ဘဲ ပြည်တွင်းအုပ်ချုပ်ရေးလမ်းကြောင်း၌ အခက်အခဲများ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ အခြေခံများကောင်းမွန်နေပြီဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ရှိသေးကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများအောင်မြင်ပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အုပ်ချုပ်ရေးကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

စားရေရိက္ခာပေါများရေးအတွက် ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်သည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ စိုက်ပျိုးမြေများတွင် သီးထပ်သီးညှပ် စိုက်ပျိုးမှုများနည်းပါးသဖြင့် သီးထပ်သီးညှပ်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ခေတ်မီနည်းစနစ်များဖြင့် အသုံးပြု၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သီးနှံမျိုးစုံစိုက်ပျိုး၍ရသဖြင့် စားရေရိက္ခာ ပေါများရေးအတွက် ဆောင်ရွက်၍ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာနှင့် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရည်သင်ကြားရေးကို အားပေးကြရန်လိုကြောင်း။

 

အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်

 

မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေမြေသယံဇာတ အခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် သဘာဝကပေးထားသည့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးချပြီး နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မျှော်မှန်းထားသည်များ၊ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ ဖြစ်နိုင်ခြေရှိသည်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်း အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်ချင်း မိမိတို့ပင်ကိုအသိစိတ်ဖြင့် မှန်မှန်ကန်ကန် ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုပါက နောင်လာမည့် ၅ နှစ်အတွင်း မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ ထိုက်သင့်သည့် တိုးတက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရမည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင် ရွက်နေရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ အမျိုးသားရေး ရည်မှန်းချက်များချမှတ်၍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစုများ မှန်မှန်ကန်ကန် သိရှိစေရေး နောက်ခံ အကြောင်းအရာများနှင့်တကွ ရှင်းလင်းပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်