ကိုပင်ဟေဂင် ဇူလိုင် ၅

 

ဒိန်းမတ်နိုင်ငံ  မြို့တော်ကိုပင် ဟေဂင်ရှိ ဈေးဝယ်စင်တာတစ်ခုတွင်  ဇူလိုင် ၃ ရက်က သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီး သုံးဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

ရဲတပ်ဖွဲ့သည် အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာ နေရာသို့  ချက်ချင်းသွားရောက်ခဲ့ကြောင်း၊  သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာမှ  သံသယရှိသူ အသက် ၂၂ နှစ် အရွယ် ဒိန်းမတ်နိုင်ငံသား တစ်ဦးကို  ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

 

ထိခိုက်ဒဏ်ရာရသည့်  သုံးဦးသည်  စိုးရိမ်ရသည့်  အခြေအနေ တွင်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။  မျက်မြင်သက်သေတစ်ဦး က သေနတ်ပစ်ခတ်သံ ၁၀ ချက်ခန့်  ကြားပြီးနောက် ရေချိုးခန်းထဲသို့ ပြေးဝင်ကာပုန်းအောင်းနေခဲ့ကြောင်း၊ အသက်အန္တရာယ် ထိခိုက်မှာစိုးရိမ်ကြောင်းနှင့်  လူများထွက်ပေါက်ရှိရာသို့ အထိတ်တလန့်  ပြေးလွှားသွားကြကြောင်း  ဒေသတွင်း မီဒီယာသို့ ပြောသည်။

 

အင်န်အိတ်ချ်ကေ