စစ်ကိုင်း ဇူလိုင် ၅
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသသို့ မသန်စွမ်းသူများ ဘုရားဖူးသွားလာနိုင်ရေး စစ်ကိုင်းဒေသ ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်အသင်း(စစ်ကိုင်း)မှ ဝှီးချဲများနှင့် ဝင်ထွက်လမ်းများ ပြုပြင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက အဆိုပါဒေသရှိ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် သမိုင်းဝင်လေးဌာန ဩဝါဒစရိယဆရာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက ဝှီးချဲများလှူဒါန်း ပေးရခြင်း၊ ဝင်ထွက်လမ်းများ ပြုပြင်ပေးရခြင်း ရည်ရွယ်ချက်များကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သူဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်များထံ ဝှီးချဲများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဝှီးချဲလမ်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)


