ကျောက်ကြီး၊ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့မှ အိမ်ထောင်စု(၂၀၀)စုအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်မှုအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)၏ စီမံမှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ အင်းနက်ကျေးရွာရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စု (၁၅၀)စု လူဦးရေ (၅၉၅)ဦးနှင့် ကြို့ကုန်းကျေးရွာရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စု (၅၀)စု လူဦးရေ (၂၁၃)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စား ကျောက်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် တာပေါ်လင် (၁)ချပ်၊ စောင် (၁)ထည်၊ ခြင်ထောင် (၁)လုံး၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်း (၁)ဖာ၊ ကျောက်ကြီးမြို့ပေါ် ဒေသခံပြည်သူများက လှူဒါန်းထားသည့် အဝတ်အစားများအား ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များထံသို့ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာ ဒေသခံပြည်သူများအား ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်၊ ဘေးဒုက္ခကျရောက်သူများကို ကူညီရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

ကိုသားကြီး( ကျောက်ကြီး)